တိုကျို၊ ဇူလိုင် ၁၇

အရှေ့အာရှမှာ ရန်သူဖြစ်လာနိုင်တဲ့ သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ပြုလုပ်နေကြတာကြောင့် ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်း ထန်ဆုံး လုံခြုံရေးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

လက်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး အစီအစဉ်တကျ ရှိမှုဟာ ပြင်းပြင်းထန်ထန် စိန်ခေါ်ခံနေရပြီး ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး အရှုပ်ထွေးဆုံး လုံခြုံရေး ပတ်ဝန်းကျင်ထဲ ရောက်ရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာကာတာနီက ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဂျပန်အတွက် မကြုံစဖူး၊ အကြီးမားဆုံး မဟာဗျူဟာဆိုင်ရာ စိန်ခေါ်မှု ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘေဂျင်းက ဒေသတဝန်း သူတို့ရဲ့ စစ်ရေး စွမ်းပကားကို အရေအတွက်အရရော၊ အရေအသွေးအရပါ အလျင်အမြန် တိုးမြှင့်နေတယ်လို့ ဝန်ကြီးနာကာတာနီက ဆိုတာပါ။

အရှေ့တရုတ်ပင်လယ်မှာ ဂျပန်က သူတို့ပိုင်တယ်လို့ ပြောထားတဲ့ ကျွန်းစု တစ်ခုကို တရုတ်ကလည်း သူတို့ပိုင်တယ်လို့ ပြောဆိုထားပါတယ်။

တရုတ်နဲ့ ဂျပန်ရဲ့ မဟာမိတ် အမေရိကန်ကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြောင့် ဒေသရဲ့ အနာဂတ်ဟာ အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ စာမျက်နှာ ၃၄ မျက်နှာပါ ဂျပန် ကာကွယ်ရေးဆိုင်ရာ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်နေမှုနဲ့ ပတ်သက်လို့လည်း ဂျပန်က စိုးရိမ်ကြောင်း အဲဒီကြေညာစာတန်းမှာ ရေးပါတယ်။

မိမိတို့နိုင်ငံအနီး ရုရှားက စစ်လက်နက်တွေ ချထားတာဟာ လုံခြုံရေး အရ စိုးရိမ်စရာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

မြောက်ကိုရီးယားကလည်း နျူကလီးယား လက်နက်တွေ ထပ်ပြီး ထုတ်လုပ်နေသလို ရုရှားဆီ ပေးပို့နိုင်ဖို့ ပဲ့ထိန်းဒုံးကျည်တွေလည်း အရှိန်မြှင့် ထုတ်လုပ်နေတယ်လို့ ဂျပန်က ပြောပါတယ်။

နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပြုံယမ်းရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ဂျပန်ကျွန်းစု တစ်ခုလုံးကို လွှမ်းခြုံ ပစ်ခတ်နိုင်တယ်လို့ ဂျပန် စစ်တပ်ရဲ့ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.