သထုံ၊ ဇူလိုင် ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) သထုံခရိုင်နယ်မြေမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း နှစ်ဖက်တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ ဇွန်လအ တွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပျောက်ကြားပစ်ခတ်မှု ၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီတပ်က ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်ရှိ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၁ လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေရပြီး လုပ်ငန်းခွင်ထဲ မသွားလာရဲတာကြောင့် စားဝတ်နေရေးကျပ်တည်းလာကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း KNU တပ်မဟာ ၁ နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.