နေပြည်တော် ၊ ဇူလိုင် ၁၆
စစ်ကောင်စီဟာ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအပါအဝင် အကျပ်အတည်းတွေအားလုံးကို ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရင် တရားဝင်မှုရပြီး ထွက်ပေါက်ရရှိနိုင်မယ်လို့ ယုံကြည်ထားတာပါ။
ဒီအတွက် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအရ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုဖို့ စစ်ကောင်စီက အာဏာသိမ်းကာလမှာ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ အပိုင်းလိုက်ကျင်းပမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကတော့ အင်အားအကြီးဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပထမဦးဆုံးအဖြစ် အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး အချိုးကျကိုယ်စားပြုစနစ် PR နဲ့ မဲများသူ အကုန်အနိုင်ယူ FPTP စနစ်တို့ကို ပြောင်းလဲကျင့်သုံးမှာပါ။
ဒီစနစ်နှစ်ခုအပေါ် သက်ဆိုင်ရာ လွှတ်တော်အလိုက် ဘယ်စနစ်ကို ဘယ်လိုပုံစံ ကျင့်သုံးသွားမယ်ဆိုတာကိုတော့ လောဆယ်အထိ စစ်ကောင်စီဘက်ကနေ ဥပဒေတွေ နည်းဥပဒေတွေ အသေးစိတ် ပြဌာန်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒါကြောင့် ဆန္ဒမဲအတွက် အသုံးပြုမယ့် အီလက်ထရောနစ်မဲပေးစက်နဲ့ ကျင့်သုံးမယ့် အချိုးကျကိုယ်စားပြုစနစ် PR ကလည်း ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ဗဟိုကနေ ချုပ်ကိုင်မယ့် နည်းပညာဆိုင်ရာ မသမာမှုတွေ ဖြစ်လာနိုင်တဲ့ သံသယတွေလည်း ရှိနေတာပါ။
စစ်ကောင်စီကတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး၊ မဲစာရင်းတွေ မှားယွင်းမှုမရှိစေရေး၊ မဲမသမာမှု မဖြစ်စေရေးတို့အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်နေတယ်လို့ အမြဲတစေ ကြွေးကြော်လေ့ရှိပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ခေါင်းဆောင်ကို သမ္မတ ခန့်လို့ရတဲ့ အစိုးရဖွဲ့နိုင်တဲ့ ပါတီကပဲ အနိုင် ရမှာဖြစ်လို့ ရွေးကောက်ပွဲရလဒ်အပေါ် အမှားအယွင်းနည်းတဲ့ ပုံစံမျိုးနဲ့ လုပ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“သူ့ကို သမ္မတ ခန့်လို့ရတဲ့ အစိုးရအဖွဲ့ ခန့်လို့ရတဲ့ ပါတီ အဲဒီ အဖွဲ့အစည်းကပဲ နိုင်မှာပဲ။ ဘာမှ ရိုး သားတာတွေ မရိုးသားတာတွေ ပြောစရာမလိုဘူး။ သူတို့ လုပ်ချင်သလို လုပ်လို့ ရအောင်။ ဘယ်သူမှလည်း သွားပြီး စစ်လို့ မရဘူးလေ။ အီလက်ထရောနစ်ဆိုတော့ ဒါပေမယ့် သူ့ရဲ့ ရလဒ်က သူတို့ ရုရှားတို့ တရုတ်တို့ နည်းပညာတွေနဲ့ လုပ်မှာကွာ သန့်ရှင်းပါတယ် အိုကေတယ်ပေါ့ အမှားအယွင်းလည်း နည်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရူးတိကြောင်တောင် ထုတ်ပြန်သွားမယ့် ရွေးကောက်ပွဲအနေအ ထားမျိုးလို့ ပြောရမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အီလက်ထရောနစ်မဲပေးစက်မှာတော့ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ မရှိ ပြသတဲ့စက်၊ မဲပုံးနဲ့ဘက္ထရီတွေ ဖွဲ့စည်းတည်ဆောက်ထားရှိမှု စတာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေက စစ်ကောင်စီအဖွဲ့ဝင်တွေကို ရှင်းလင်းထားပြီး ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုစနစ် PR နဲ့ ပတ်သက်ပြီး ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို Clost List PR စာရင်းပိတ်စနစ်နဲ့ သွားဖို့ ရှိနေပြီး အဲဒီစနစ်ကို အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တို့မှာ ကျင့်သုံးမယ်လို့ နိုင်ငံရေးပါတီတချို့ကနေ သိရပါတယ်။
တစ်ဘက်မှာ ရွေးကောက်ပွဲရလဒ်ဟာ စစ်တပ် သဘောတူနိုင်တဲ့ ရလဒ်မျိုး ထွက်ရမယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကနေ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က တရားဝင် ထုတ်ပြောထားကြတာပါ။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ခံသမ္မတဖြစ်ဖို့အရေး ထောက်ခံမဲအရေအတွက်ရဖို့ ယုံကြည်ရတဲ့ စစ်ဗိုလ်အရာရှိကြီးတွေကို လွှတ်တော်ထဲ ဝင်ရောက်ဖို့ ရွေး ကောက်ပွဲဝင်ခိုင်းမယ့် အကြံအစည်လည်း ရှိနေပြန်ပါတယ်။
ဒ့ါအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရာမှာလည်း နိုင်ငံ့ဝန်ထမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်နိုင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဇွန် ၁၉ ရက်နေ့မှာ သူက ပြင်ဆင်ပြဋ္ဌာန်းခဲ့သေးတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ အရင် စစ်ခေါင်းဆောင်တွေ မလုပ်နိုင်ခဲ့တဲ့အရာတွေကို မင်းအောင်လှိုင်က မဖြစ်ဖြစ်အောင်လုပ်မယ့်အနေအထားရှိတဲ့အတွက် သူတို့ လိုချင်တဲ့ ရလဒ်မျိုးဖြစ်အောင် လုပ်လိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မင်းအောင်လှိုင်ရဲ့ အန္တိမရည်မှန်းချက်ကလည်း သူက တရားဝင် သမ္မတဖြစ်ချင်တာ။ အခုအချိန်မှာ တရားမဝင် သမ္မတပေါ့။ ဒါပေမယ့် သူ့ဘာသူ ရွေးကောက်ပွဲလုပ်ပြီး ဖြစ်လာမယ့်ဟာကို နိုင်ငံရေးအလှည့်အပြောင်းအနေနဲ့ သူက သွားချင်တာ။ အရင် စစ်ခေါင်းဆောင် သန်းရွှေတို့ မလုပ်နိုင်ခဲ့တဲ့ဟာမျိုးကို သူက လုပ်ချင်တာ။ နဂိုကတည်းကလည်း လုပ်အောင်လို့လည်း သူအောက်ဆွဲတွေက မြှောက်ပေးထားတဲ့ အနေအထားမျိုးပေါ့။ အဲဒီတော့ မဲသမာတာ မသမာတာထက် သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ ဟာပေါ့” လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်း ကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းက ဆရာ/ဆရာမတွေကို သင်တန်းတွေ စပေးလာနေပါပြီ။
နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေကနေ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲတွေကို ဇူလိုင် ၁၄ ရက်နေ့က ရန်ကုန်နဲ့ ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သင်တန်းကို ရက်ပေါင်း ၂၀ ကြာ ဖွင့်လှစ်ပြီး မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် ဌာနဆိုင်ရာဝန်ထမ်းတွေ ဆရာ ဆရာမတွေကို သင်ကြားပေးသွားမှာဖြစ်ကာ သင်တန်းအပတ်စဉ်အလိုက် နှစ်ရက်သင်တန်းတွေလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ မဲပေးစက် စစ်ဆေးတာတွေ၊ ရွေးကောက်ပွဲ မတိုင်ခင် မဲရုံမှာ မဲပေးစက်တွေ ကြိုတင်ပြင်ဆင်တာနဲ့ စမ်းသပ်တာ၊ ကျင်းပမယ့် ရက်မှာ ကိုင်တွယ်တာ၊ အရန်စက်လဲလှယ်ဖို့ မဲရေတွက်တာ၊ အရေးပေါ်ကိစ္စဖြစ်လာရင် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ၊ ဆန္ဒမဲဖြတ်ပိုင်းတွေ ရေတွက်ရမယ့် အခြေအနေတွေကို စာတွေ့ လက်တွေ့ ပို့ချသွားမယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံမှာ အီလက်ထရောနစ်မဲပေးစက် EVM ဌာနကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ထည့်သွင်းပြီး တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ အခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI