ဘားအံ၊ ဇူလိုင် ၁၇

စစ်အာဏာရှင်စနစ်ဆိုးကို ရေရှည်အသက်သွင်းနိုင်ဖို့ စစ်ကောင်စီဟာ ပြည်သူကို ကိုယ်စားမပြုတဲ့ စစ်တပ်လက်ဝေခံ အခွင့်အရေး နိုင်ငံရေးသမားတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ပြတာ၊ ရွေး ကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာတွေကို အဆောတလျင် လုပ်ဆောင်လာနေတယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၈ နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပဲ ပြောကြားသွားခဲ့တာပါ။

ဒီကနေ့အချိန်ဟာ ကရင်လူမျိုးတွေနေထိုင်ရာ နေရာဒေသတွေအပါအဝင် တိုင်းပြည်တဝှမ်းလုံးမှာ စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ်ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ်နေတာတွေကို စိတ်မချမ်းမြေ့ဖွယ် ကြုံတွေ့နေရတဲ့အချိန်ကာလဖြစ်တယ်လို့ KNU ဥက္ကဌက ဆိုပါတယ်။

KNDO အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ဘဝတူ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစဉ်အားထုတ်ကြိုးပမ်းသွားရမယ်လို့ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး ရင်းမြစ်တွေအားလုံးကို စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ လက်ဝေခံတွေကနေ ထိန်းချုပ်ကာ အကျိုးစီးပွားရယူပြီး လူငယ်ထုပြည်သူတွေကို အတင်းအဓမ္မ စုဆောင်းစစ်မှုထမ်းစေလျက် စစ်မြေပြင်တွေဆီ စေလွှတ်နေတာကို မြင်တွေ့နေရတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

စစ်မြေပြင်မှာ ရန်သူဖြစ်ပေမယ့် မိမိတို့ထံ လက်နက်ချအညံ့ခံပူးပေါင်း အလင်းဝင်ရောက်လိုတဲ့ အဓမ္မစစ်မှုထမ်းနေရတဲ့သူတွေကို မိမိတို့ရဲ့ မူဝါဒလုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်သွားရမယ်လို့ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေကလည်း KNDO တပ်အနေနဲ့ မိမိတို့လူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့အပြင် ကရင်ပြည်သူလူထုရဲ့ ရန်သူကို တိုက်ထုတ်ရမယ့်တာဝန်ကို အပြည့်အဝတာဝန် ယူသွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့အချိန်မှာ မိမိတို့ ကရင်လူမျိုးတွေဟာ စည်းလုံးညီညွတ်မှုမှာ အားနည်းနေသေးတဲ့အတွက် စည်းလုံးညီညွတ်ဖို့လိုအပ်နေပြီး အောင်မြင်မှုတွေရရှိဖို့အတွက် ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်စွာနဲ့ အပြန်အလှန်အားပေးလုပ်ဆောင်ကြဖို့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေက တိုက်တွန်းပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.