ဘေဂျင်း ၊ဇူလိုင် ၁၆
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးအတွက် ဘေဂျင်းမြို့မှာ နိုင်ငံခြားရေးဝန်ကြီးတွေ စုဝေး ရောက်ရှိလာချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှား ထိပ်တန်းသံတမန်ကို မိမိတို့ နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံ ကူညီမှု အားပိုကောင်းအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
ဘေဂျင်းက SCO အဖွဲ့ကို နေတိုးလို အနောက်တိုင်းဦးဆောင်တဲ့ အင်အားကြီး အဖွဲ့တွေအပေါ် တန်ပြန် ထိန်းညှိရေး အသုံးချလာနေတာ ကြာပြီ ဖြစ်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာအောင် တွန်းအားပေးနေပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမေယန် ဂျိုင်ရှန်ကာနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အလတ်စ် အာရာချီအပါအဝင် ထိပ်တန်းသံအမတ်တွေဟာ နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီအစည်းအဝေး တက်ရောက်ဖို့ ဘေဂျင်းမြို့ကိုရောက်ရှိနေပါတယ်။
ဘေဂျင်းမှာ ဝန်ကြီး လက်ဗရော့နဲ့ တွေ့ဆုံချိန် သမ္မတ ရှီကျင့်ဖျင်က မိမိတို့နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံကူညီမှု အားပိုကောင်းလာအောင် လုပ်ဆောင်သင့်တယ်လို့ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
နှစ်နိုင်ငံကြား နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှုတွေ အမြင့်မားဆုံး ထားရှိဖို့နဲ့ အဆင့်မြင့် အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး လက်ဗရော့က စောစောပိုင်းက ပြောထားပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်လည်း ဒုတိယကမ္ဘာစစ် နှစ်ပတ်လည် အခမ်းအနားတွေနဲ့ SCO အစည်းအဝေး တက်ရောက်ဖို့ ဘေဂျင်းမြို့ဆီ လာရောက်ဖို့ စီစဉ်ထားပါတယ်။
ယူကရိန်းနဲ့ ရက်ပေါင်း ၅၀ အတွင်း သဘောတူညီမှု မရယူရင် ရုရှားကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးလိုက်ပြီးနောက် ရုရှားနဲ့ တရုတ် တွေ့ဆုံမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မော်စကိုရဲ့ စီးပွားရေးနဲ့ သံတမန်ရေးမဟာမိတ် ဖြစ်တဲ့ တရုတ်က အမေရိကန်ရဲ့ အကြပ်ကိုင်မှုကြောင့် ပဋိပက္ခကို ပြေလည်စေမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြောက်ကိုရီးယားသို့ သွားရောက်ပြီး အကူအညီပေးမယ့် ကတိတွေ ရယူခဲ့ပြီးနောက် ဘေဂျင်းသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
Ref:AFP