မော်လမြိုင် ၊ ဇူလိုင် ၁၇
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့ကနေ ဖွဲ့စည်းခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းကို ရုတ်သိမ်းလိုက်တယ်လို့ စစ်ကြောင်းဖွဲ့စည်းမှုမှာ ဦးဆောင်ခဲ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တပ်ဖွဲ့တွေ တစုတစည်းတည်း ပူးပေါင်းတိုက်ပွဲဝင်ဖို့ မွန်လူထုတွေ ဆန္ဒရှိနေတဲ့အပေါ် အခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရာမညပူးတွဲစစ်ကြောင်း စတင်ပေါ်ပေါက်လာတာပါ။
ဒါပေမယ့် စစ်ကြောင်းဖွဲ့စည်းမှု သတ်မှတ် သက်တမ်း ပြည့်ချိန်မှာတော့ စုဖွဲ့မှုပုံစံအသစ်နဲ့ ပြန်လည်သုံးသပ်ဖို့ ကိစ္စရပ်တွေကြောင့် ယာယီရုတ်သိမ်းတာလို့ ရာမညပူးတွဲစစ်ကြောင်းမှာ ဦးဆောင်ပါဝင်ခဲ့သူတွေက ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ AD ကနေ ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်းမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ဗညားမွန်က မွမ်းမံကိစ္စပြုလုပ်ဖို့ စစ်ကြောင်းကို ရုတ်သိမ်းတာလို့ ပြောပါတယ်။
“စစ်ကြောင်း သက်တမ်းပြည့်ပြီး ဖြစ်တဲ့အတွက် စစ်ကြောင်းကို ပြန်လည်သုံးသပ်ဖို့နဲ့ မွမ်းမံကိစ္စတွေ ပြုလုပ်ဖို့အတွက် စစ်ကြောင်းကို တစ်ချက် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ရာမညပူးတွဲစစ်ကြောင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF တို့ ပါဝင်ပါတယ်။
စစ်ကြောင်းဖွဲ့စည်းခဲ့ချိန်မှာ မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန် မြှင့်တင်နိုင်ရေးနဲ့ ပူးပေါင်းစစ်ဆင်ရေးဖော်ဆောင်နိုင်မှုကနေ မွန်တပ်တော်တစ်ခု ပေါ်ပေါက်လာတဲ့အထိ ရည်မှန်းထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၆ လတာ တိုက်ပွဲဖြစ်ပွားခဲ့မှု မှတ်တမ်းတွေအရ မွန်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်မြင့်တက်လာခြင်း မရှိသလို ရာမညစစ်ကြောင်းလည်း တိုက်ပွဲ နှစ်ကြိမ်သာ ဖော်ဆောင်နိုင်ခဲ့တာကြောင့် စစ်ရေးရည်မှန်းချက် မပြည့်မြောက်ခဲ့ဘူးလို့ RICE အဖွဲ့က ထောက်ပြပါတယ်။
စစ်ကြောင်းဖွဲ့စည်းခဲ့ချိန်ကနေ ပြန်လည်ရုတ်သိမ်းချိန်အထိ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အားသာချက်၊အားနည်းချက်တွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ သံလွင်တိုင်းမ်က မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှုတော့ မရခဲ့ပါဘူး။
တစ်ဘက်မှာ စစ်ကြောင်းမှာ ပါဝင်နေတဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော်အဖြစ် မေ ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ ရာမညမွန်တပ်တော် RMA ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်မှုအောက်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ရာမညပူးတွဲစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ MSDF မှ ဒေါက်တာ သီရိမွန်ချမ်းက စစ်ကြောင်းမှာ တပ်သုံးတပ်သာ ကျန်ရှိတဲ့ သဘောမျိုးဖြစ်တာကြောင့် စုဖွဲ့မှုပုံစံအသစ်နဲ့ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ယာယီ ရုတ်သိမ်းတာလို့ ပြောပါတယ်။
“အခုချိန်မှာ တပ်လေးတပ်နဲ့ ပူးတွဲဖွဲ့စည်းထားခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းက တပ်သုံးတပ်နဲ့ ဖွဲ့ထားတဲ့ စစ်ကြောင်းသဘောမျိုး ဖြစ်သွားတယ်။ ဒါကြောင့်မို့ စုဖွဲ့မှုပုံစံကို ပြန်လည်သုံးသပ်ပြီး စုဖွဲ့မှုပုံစံအသစ်နဲ့ မည်သို့မည်ပုံ ပြန်လည်ဖွဲ့စည်းနိုင်ရေးဆိုပြီးတော့ ယာယီ ရုပ်သိမ်းတာလည်း ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ရာမညပူးတွဲစစ်ကြောင်းရဲ့ သက်တမ်းကလည်း လေးလအဖြစ် သတ်မှတ်ထားခဲ့တာကြောင့် မေနှောင်းပိုင်းမှာ စစ်ကြောင်းရဲ့ အားသာချက် အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ရုတ်သိမ်းရတာလို့ သူက ဆက်ပြောပါတယ်။
အခုချိန်မှာ ဘယ်လိုမျိုး စုဖွဲ့မှုတွေနဲ့ ရာမညပူးတွဲစစ်ကြောင်းကို ပြန်လည်တည်ဆောက်သွားမလဲဆိုတာကိုတော့ စစ်ကြောင်းဖွဲ့စည်းမှုမှာ ဦးဆောင်ခဲ့သူတွေက သေချာရေရာတဲ့ ဖြေရှင်းချက် ပြောမသွားခဲ့ပါဘူး။
သက်တမ်းလေးလနဲ့ အဆုံးသတ်ခဲ့ရတဲ့ ရာမညပူးတွဲစစ်ကြောင်းကို ခြေရာပြန်ကောက်ကြည့်မယ်ဆိုရင် မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ပါ။
ဒီအတွက်ကြောင့် ပထမအဆင့်အနေနဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးလှုပ်ရှားမှုတွေ ပူးတွဲလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပြီး ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရာမညပူးတွဲစစ်ကြောင်းကို ရုတ်သိမ်းလိုက်ပေမယ့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးအတွက် အားလုံးက လမ်းကြောင်းသစ်ကို ဦးတည်နေကြပေမယ့် ပုံစံချင်းတော့ မတူညီကြပါဘူး။
တစ်ခုတည်းသော မွန်တပ်တော်ကိစ္စမှာ လက်ရှိ ဖွဲ့စည်းထားတဲ့ မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော် ရှိနေပြီလို့ နိုင်ဗညားမွန်က ပြောပါတယ်။
“ကျွန်တော်တို့ မျှော်မှန်းတဲ့ တစ်ခုတည်းသော မွန်တပ်တော်ကိစ္စကိုကျတော့ အခု ရာမညမွန်တပ်တော်ကို ဖွဲ့စည်လိုက်ပြီးဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ ပေါင်းစည်းပြီး ရာမညတပ်တော်ကို ကျွန်တော်တို့ ဖွဲ့စည်းလိုက်ပြီးဖြစ်တယ်။ အခု စစ်ကြောင်းလှုပ်ရှားတဲ့ဒေသမှာပဲ ရာမညမွန်တပ်တော်က ဆက်ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီးဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် ပူးတွဲစစ်ကြောင်းမှာ ပါဝင်ခဲ့ကြတဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ကတော့ ဒီကနေ့အချိန်အထိ မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်မှုအောက်က ရာမညမွန်တပ်တော်မှာ မပါဝင်လာနိုင်သေးပါဘူး။
အကြောင်းအရင်းကတော့ မွန်ပြည်သစ်ပါတီ AD ရဲ့ တစ်ဖွဲ့တည်းအောက်သို့ သွားရောက်ပူးပေါင်းခြင်း (Coming Under Model) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း (Coming Together Model) ကြောင့် ဖြစ်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကာကွယ်ရေးဌာနအောက်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သလို မွန်ပြည်ကာကွယ်ရေးတပ် MSDF ကလည်း ကောင်စီမှာ အတူတကွ ပါဝင်နေတာပါ။
ဒေါက်တာ သီရိမွန်ချမ်းပြောတာက တပ်ဖွဲ့အားလုံးကနေ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံရေးတပ်ဦးရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်မှုအောက်မှာ ထားသင့်တယ်လို့ သူတို့ သဘောထားကို ရှင်းပြပါတယ်။
“တစ်ခုတည်းသော မွန်တပ်တော်က ယခုလို စုဖွဲ့မှုပုံစံနဲ့ ပါတီတစ်ခုတည်းရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ မထားဘဲ ပထမအဆင့်အနေနဲ့ ဒီတပ်ဖွဲ့လေးဖွဲ့စလုံးမှ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံရေးတပ်ဦး Political Front တစ်ခုခုရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်မှုအောက်မှာ ထားသင့်တယ်လို့ မိမိတို့မှာ သဘောထားရှိပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော်ကို ဦးဆောင်တဲ့ ကော်မတီကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD နိုင်ငံရေးစစ်ရေးကော်မတီ အမည်နဲ့ ဖြစ်ပါတယ်။ နှစ်ဘက်ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ အဲဒီကော်မတီနဲ့ စစ်ကော်မတီတို့မှာ မွန်ပြည်သစ်ပါတီ AD ခေါင်းဆောင်တွေက ဥက္ကဌ နဲ့ စစ်ဦးစီးချုပ် စတဲ့ တာဝန်တွေ ယူထားတာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ အခုလိုအခင်းအကျင်းမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံး တစ်ခုတည်းသော မွန်တပ်တော်အဖြစ် ဖွဲ့စည်းနိုင်ရေး အချင်းချင်း ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်သလို စစ်ရေးစွမ်းဆောင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ထောက်ပြကြပါတယ်။
မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော် နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ နိုင်ဇေယျက ကျန်တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ရာမညမွန်တပ်တော်မှာ ပူးပေါင်းပါဝင်ပြီး အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရာမညစစ်ကြောင်း