ဘန်ကောက်၊ ဇူလိုင် ၁၆

ကမ္ဘောဒီးယားရဲ့ သြဇာကြီးမားတဲ့ ခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ကျင့်ဝတ်ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံတရားရုံးက ရာထူးတာဝန်က ဆိုင်းငံ့ထားတဲ့ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ပေသွန်ထန် ရဲ့ အစိုးရအတွက် ဒါဟာ နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဇွန် ၁၅ ရက်မှာ ပေါက်ကြားလာတဲ့ ဖုန်ခေါ်ဆိုမှုအတွင်း ဝန်ကြီးချုပ် ပေသွန်ထန်က ဟွန်ဆန်ကို ခခယယ ပြောဆိုခဲ့ပြီး ထိုင်းစစ်ဦးစီးချုပ်ကို အပြစ်တင်ခဲ့တာပါ။

ဝန်ကြီးချုပ်ကြောင့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို အားလျော့စေတယ် ဆိုပြီး ပြည်တွင်းမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ညွှန့်ပေါင်းအစိုးရ အဖွဲ့ကနေ အဓိကပါတီတစ်ခု နုတ်ထွက်သွားတာကြောင့် အစိုးရအနေနဲ့ လူများစု နေရာကို ရတယ်ဆိုရုံ ရယူထားနိုင်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားပေမယ့် အချိန် မသတ်မှတ်ရသေးဘူးလို့ အရာရှိတစ်ယောက်က ပြောပါတယ်။

ပေသွန်ထန်ကို စုံစမ်းစစ်ဆေးရေး ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွေကလည်း ဖော်ပြပါတယ်။

လွှတ်တော်အမတ် ၃၆ ဦးက ကျင့်ဝတ်ချိုးဖောက်တယ်လို့ ပေသွန်ထန်ကို စွပ်စွဲပြီး ဖွဲ့စည်းပုံတရားရုံးကနေ ဆုံးဖြတ်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ပေသွန်ထန်က အဲဒီ ဖုန်းဆိုမှုအတွက် ပြန်တောင်းပန်ခဲ့ပြီး ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.