နေပြည်တော် ၊ ဇူလိုင် ၁၅
တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို ကန့်ကွက်ရုံလောက်နဲ့ ဟန့်တားနိုင်လိမ့်မှာမဟုတ်ဘဲ ရွေးကောက်ပွဲအလွန်အတွက်လည်း မဟာဗျူဟာကျကျ အဖြေထုတ်ထားကြဖို့ လိုအပ်နေပြီလို့ BNI – Myanmar Peace Monitor က သုံးသပ်ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမည်ခံ ငြိမ်းချမ်းရေးနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုများဆိုတဲ့ အပတ်စဉ်သုံးသပ်ချက်မှာ စစ်အုပ်စုက ရွေးကောက်ပွဲနည်းနဲ့သာ သူတို့ရဲ့ စစ်အာဏာသိမ်းမှုကို အောင်မြင်စွာ အနားသပ်နိုင်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပဖို့ စိုင်းပြင်းနေတာလို့ ဆိုပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ခံစစ် ထိုးစစ်အရွေ့အဟုန်ဟာ နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၄၅ ခုအထိ ပြင်းထန်ကျယ်ပြန်နေခဲ့တာပါ။
ဒါကြောင့် စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာဖြစ်နေတာမို့ ရွေး ကောက်ပွဲကို ကာကွယ်စောင့်ရှောက်တဲ့ အထူးဥပဒေတစ်ရပ်ကို ပြဌာန်းဖို့ စီစဉ်နေတာလို့ သုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေက စိတ်ဝင်စားမှု အလွန်အားနည်းနေသလို တော်လှန်ရေးအင်အားစုတွေကလည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြတာပါ။
အခုနှစ် ဒီဇင်ဘာ တတိယပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုထားမှုအပေါ် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေလည်း ခပ်စိပ်စိပ်တွေ့လာနေပါတယ်။
ဒါပေမယ့် ဒီကနေ့အချိန်အထိ ရွေးကောက်ပွဲကျင်းပမယ့် မြို့ နယ်အရေအတွက်က မတည်ငြိမ်သေးသလို ရွေးကောက်ပွဲမှာ အသုံးပြုမယ့် စနစ်၊လိုက်နာကျင့်သုံးရမယ့် နည်းဥပဒေတွေက မထွက်ရှိလာသေးဘဲ အသိအမှတ်ပြုရေးအတွက် စည်းရုံးရေးဆင်းနေရတဲ့ အခြေအနေမျိုးလို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ စစ်အာဏာသိမ်းမှုအောင်မြင်ရေးအတွက် တိုင်းပြည်အတွင်း စစ်ရေး နိုင်ငံရေးအစ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေအဆုံး ခက်ခဲမှု ကြပ်တည်းမှုတွေ ရင်ဆိုင်နေရတဲ့ သူတို့ရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်နေတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို တဆင့်ချင်း တလှမ်းချင်း လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ်မျှ ရွေးကောက်ပွဲကျင်းပရုံနဲ့လည်း ရွေးကောက်ပွဲအထမမြောက်ကြောင်း ပြဌာန်းထားခြင်းမရှိတဲ့အတွက်လည်း စစ်အုပ်စုရဲ့ အာဏာသိမ်းမှုအလွန် ထွက်ပေါက်အတွက် ယုံကြည်မှုရှိနေတာလို့ BNI – Myanmar Peace Monitor က ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်အတွင်း ပြောကြားခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းအရ စစ်အုပ်စုအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ NCA စာချုပ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို ကျော်လွန်စဉ်းစားခြင်း မရှိသေးပါဘူး။
အလားတူ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို အင်္ဂါမစုံတော့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ ကျင်းပနိုင်ကြောင်း သုံးသပ်ထောက်ပြထားတာ ဖြစ်ပါတယ်။
ဒီအတွက် ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းလာနိုင်တယ်လို လေ့လာသူတွေက ပြောဆိုနေကြပါတယ်။
BNI – Myanmar Peace Monitor ကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချရုံ အသိအမှတ်မပြုကြောင်း ကြေညာချက်ထုတ်ပြန်ရုံလောက်နဲ့ ဟန့်တားနိုင်လိမ့်မှာမဟုတ်ဘူးလို့ ထောက်ပြထားတာပါ။
အာဏာသိမ်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအထမမြောက်နိုင်ရေးအတွက် လက်တွေ့ကျကျ ချဉ်းကပ်အဖြေရှာရမှာဖြစ်သလို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအလွန်အတွက်လည်း မဟာဗျူဟာကျကျ အဖြေထုတ်ထားကြဖို့ လိုအပ်နေပြီလို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI