ဝါရှင်တန်၊ ဇူလိုင် ၁၅
ယူကရိန်းသို့ နေတိုးအဖွဲ့ကတစ်ဆင့် လက်နက်ပေးပို့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ချပြပြီး ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲကို ရက်ပေါင်း ၅၀ အတွင်း အဆုံးမသတ်ရင် ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးကြိုပမ်းမှုတွေ လုပ်ဆောင်နေပေမယ့် တိုးတက်မှု မရှိတာကြောင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ပတ်သက်လို့ လုံးဝ မပျော်ရွှင် ဖြစ်နေတယ်လို့ ထရန့်က ပြောပါတယ်။

ရက်ပေါင်း ၅၀ အတွင်း သဘောတူညီမှု မရဘူးဆိုရင် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့ ထရန့်က နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူသီနဲ့ ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံမှုအတွင်း ပြောလိုက်တာပါ။
ရုရှားအနေနဲ့ ရက်ပေါင်း ၅၀ အတွင်း သဘောတူညီမှု မရယူရင် မော်စကိုရဲ့ လက်ကျန် ကုန်သွယ်ရေး လက်တွဲဖော်တွေကိုပါ ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ထရန့်က ပြောပါတယ်။
နေတိုးအဖွဲ့က အမေရိကန်ဆီက Patriot ဒုံးကျည် ကာကွယ်ရေးစနစ်တွေ အပါအဝင် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်နက်တွေ ဝယ်ယူပြီးတော့ ယူကရိန်းသို့ ပေးပို့ကူညီသွားမှာ ဖြစ်ပါတယ်။

ယူကရိန်းကို ကူညီရေး အမေရိကန် လက်နက်တွေကို ဝယ်ယူသွားမယ့် နိုင်ငံတွေမှာ ဂျာမနီ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေး၊ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့လည်း ပါဝင်ပါတယ်။
ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ရေး ထရန့်ရဲ့ အစီအစဉ်ဟာ အရင် ဂျိုးဘိုင်ဒန် လက်ထက်တုန်းကနဲ့ ခြားနားပြီး အမေရိကန်အနေနဲ့ လက်နက်ထောက်ပံ့မှုတွေကနေ ဝင်ငွေ ရရှိတော့မှာ ဖြစ်ပါတယ်။
အရင် ဘိုင်ဒန် လက်ထက်မှာ အမေရိကန် လက်နက်တွေကို ယူကရိန်း အတွက် အခမဲ့ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ ထရန့်က ရောင်းချနေတာ ဖြစ်ပါတယ်။
Ref:AFP