မော်လမြိုင် ၊ ဇူလိုင် ၁၅
မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ အတွက် လူငယ် ၂၀၀ ကျော် စစ်သားစုဆောင်းခံခဲ့ရတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က မော်လမြိုင်မြို့ရှိ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၆ ပညာရေးကျောင်းမှာ စစ်ကောင်စီခန့် မွန် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သွားရောက်တွေ့ဆုံခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ အတွက် လူသစ်စုဆောင်းခံရတဲ့ အရေအတွက်ကို စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံတွေအရ လူငယ် ၂၀၁ ဦး စစ်သားစုဆောင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးက စစ်သားစုဆောင်းခံရတဲ့သူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီးနောက် ငွေကြေးမတက်နိုင်တဲ့သူတွေ၊ မိသားစုနဲ့ လုံးဝ အဆက်အသွယ် ပြန်တောက်သွားတဲ့သူတွေ အများဆုံးပါဝင်တယ်လို့ ပြောပါတယ်။
“ညဘက် ထွက်တယ်။ ဖမ်းတယ် ဖမ်းပြီးရင် သူတို့က ငွေကြေးက မတတ်နိုင်ရင်တော့ တပ်ထဲ ထည့်တယ်။ တချို့က မိဘတွေ လိုက်တယ်၊ မောင်နှမတွေ လိုက်တယ်၊ အကျိုးအကြောင်း ဘာညာ ရဲစခန်းမှာ သွားတွေ့တယ်။ တချို့ ကျတော့လည်း ဘယ်သူမှ လာမလိုက်ဘူ။၊ မိဘက သိပ်ပြီး အာရုံမထားတာပါတယ်။ အရှင်းဆုံး ပြောရင်တော့ ပိုင်ရှင်မဲ့ပုံစံပေါ့။ လူပိုင်ရှင်မဲ့ပေါ့။ တပ်ကို ခေါ်သွားတာပေါ့” လို့ ဆိုပါတယ်။
စစ်မှုထမ်း စစ်သားစုဆောင်းခံရတဲ့သူတွေဟာ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေ၊ မူးယစ်ရမ်းကားသူတွေ၊ ညဘက် အပြင်ထွက်သွားလာသူတွေ။ ဆိုင်ကယ် နှစ်ယောက် မစီးရ သတ်မှတ်ထားတဲ့ နေရာတွေမှာ နှစ်ယောက် စီးတဲ့အတွက် ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသူတွေ အများဆုံးပါဝင်ပါတယ်။
သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီက စစ်မှုထမ်း သင်တန်းတွေ ဆက်တိုက် ဖွင့်လှစ်နေတာဟာ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကြောင့် ရတဲ့နည်းလမ်းတွေနဲ့ တပ်အင်အား ဖြည့်တင်းနေတာလို့ ပြောပါတယ်။
“သူတို့မှာက တစ်နိုင်ငံလုံးအနေနဲ့ စစ်ရင်ဆိုင်နေရတာ၊ အဲဒါကြောင့် သူတို့မှာအင်အားအများကြီး လိုတဲ့အတွက် ဖြစ်သလို လုပ်နေတာပေါ့နော်။ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ပေါ်တာဆွဲတာတွေ လုပ်တာပေါ့နော်။ လူငယ်တွေကို ဖမ်းပြီးတော့ စစ်မှုထမ်းထဲ ထည့်တာတွေ လုပ်နေကြတာပေါ့။ အဓိကကတော့ဗျာ သူတို့မှာ အင်အားချည့်နဲ့နေပြီး အင်အားတွေ မရှိတော့တဲ့အတွက် သူတို့ဒီ လုပ်ရပ်မျိုး လုပ်တယ်လို့ပဲ မြင်မိတာပေါ့နော်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲတွေ များလာတာနဲ့အမျှ သူတို့ အင်အား လိုအပ်ချက် များပြားနေတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ စစ်သားသစ်တွေကို မရရအောင် စုဆောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထား သွားလာနေထိုင်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
တဖက်မှာ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် ရရှိအောင် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို လူသစ်စုဆောင်းခိုင်းတာ၊ သတ်မှတ်လူ အရေအတွက် ရရှိအောင် လုပ်ခိုင်းတာ အပြင် နောက်သင်တန်းတွေအတွက်ပါ လူသစ် ကြိုတင် စုဆောင်း ခိုင်းတာတွေ လုပ်ဆောင်လာတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီက ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၄ အထိ စစ်သားစုဆောင်းခံရသူပေါင်း ၂၃၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI