ကော့ကရိတ်၊ ဇူလိုင် ၁၅
တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ရက်ဆက်ပြုလုပ်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေလည်း အမြဲမပြတ် ပြုလုပ်ဆောင်နေတဲ့အတွက်ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုနဲ့ ကရင်အရပ်ဖက်အဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ တပ်သစ်အမြောက်ကုန်းကနေ KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် မြောက်ကြာအင်းကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ရာမှာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီခရိုင် KNU တပ်မဟာ ၆ နယ်မြေ ဝေါ်လေဒေသထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကတော့ မသိရသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုဟာ ဥကရစ်ထစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး နောက်တစ်ရက်မှာ စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်းမှာလည်း ဒရုန်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။
ဒါ့အပြင် KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ နာကိုထကျေးရွာထဲကို ဇူလိုင် ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ဈေးဆိုင်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ကရင်အရပ်ဖက်အဖွဲ့ KPSN က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း KNU တပ်မဟာ ၆ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းက ကျေး ရွာတချို့အပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေခဲ့ပြီး ထိခိုက်မှုကတော့ မသိရသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်က ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ခွဲထွက် DKBA အဖွဲ့အကူအညီနဲ့ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တွေကနေ စစ်ကြောင်း ၂ ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်လာနေခဲ့တဲ့အတွက် ဇူလိုင်လအစောပိုင်းရက်တွေကစပြီး အဲဒီလမ်းပိုင်းတစ်လျှောက်မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
ဝေါ်လေမြို့အခြေစိုက် စစ်တပ်ဗျူဟာစခန်းကုန်းကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် နည်းမျိုးစုံနဲ့ ခုခံတိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်စစ်ရေးအခြေအနေကလည်း ပိုမိုပြင်းထန်လာနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG