မော်လမြိုင်၊ ဇူလိုင် ၁၅

အာဏာသိမ်း စစ်ကောင်စီတပ်က ဗိုလ်ကြီး နှစ်ဦးဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၄ မြိတ် -ထားဝယ်ခရိုင်ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU တပ်မဟာ ၄ ဘက်က သတင်းထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်ထောင်နဲ့အမြောက်ကုန်း လှုပ် ရှားတပ်ခွဲက တပ်ခွဲမှူးဗိုလ်ကြီး ဇော်ဇော်အောင်ဟာ ဇူလိုင် ၁၀ ရက်နေ့မှာ KNU ထံ ဘက်ပြောင်းခိုလှုံခဲ့တာပါ။

တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်ဟာ KNU ထံ ဘက်ပြောင်းခိုလှုံခဲ့တဲ့ ဗိုလ်ကြီး မျိုးဆွေဦးရဲ့ ချိတ် ဆက်ပေးမှုကြောင့် ဆက်သွယ်အလင်းဝင်လာတာလို့ ဆိုပါတယ်။

ဗိုလ်ကြီးဇော်ဇော်အောင်ဟာ စစ်ကောင်စီရဲ့ DSA အပတ်စဉ် ၅၂ သင်တန်းဆင်း ဖြစ်ပြီး ခလရ ၁၀၄ လက်အောက်ခံ လောင်းလုံးမြို့နယ် နတ်အိမ်တောင် နဲ့ အမြှောက်ကုန်း လှုပ်ရှားတပ်ခွဲမှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ ဗိုလ်ကြီး ဇော်ဇော်အောင်ဟာ စစ်ကောင်စီရဲ့ လက်ရှိကျင့်သုံးနေတဲ့ စနစ်နဲ့ ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကို လက်မခံနိုင်တော့တာကြောင့် အလင်းဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း ကလိန်အောင်မြို့အခြေစိုက် ခလရ ၂၈၂ တပ်ရင်းရဲ့ အထိုင်စခန်းဖြစ်တဲ့ သုခစစ်ကောင်စီစခန်းက စခန်းတာဝန်ခံ ဗိုလ်ကြီး မျိုးဆွေဦးက အလင်းဝင်ခဲ့ပါသေးတယ်။

ဗိုလ်ကြီး မျိုးဆွေဦး အလင်းဝင်ပြီးနောက် ဇူလိုင် ၇ ရက်နေ့မှာတော့ သုခစခန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.