“ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တယ်ဆိုရင်လည်း အကောင်းမြင်ရှိနေချင်ပါတယ်။ သို့သော်လည်း လက်နက်ကိုင်အဖွဲ့တွေကို ပူးပေါင်းပါဝင်ဖို့ ဆိုတာက လက်နက်ကိုင်တပ်တွေရဲ့နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ရန်လို့ပဲ ကျွန်တော်တို့ နားလည်တယ်ခင်ဗျ။” – ဗိုလ်မှူးကြီး စောကျော်ညွန့်

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်မှာ နိုင်ငံရေးပါတီတွေ အပစ်ရပ် EAO တွေလည်း တက်ရောက်ကြပါတယ်။

အဲဒီဖိုရမ်မှာ ရွေးကောက်ပွဲကျင်းပရေးအပါအဝင် အပစ်ရပ် EAO တွေရဲ့ ထိန်းချုပ်ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကိစ္စ၊ ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူမယ့် ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး နောက်ထပ် သက်တမ်းတိုးရေး မတိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ အပြည့်အဝ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုတွေနဲ့အတူ မြန်မာ့‌အရေး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ရေး အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို သံလွင်တိုင်းမ်က အခုလိုပဲ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်မှာ ဆရာတို့ အပစ်ရပ် EAO အဖွဲ့တွေက ဘာတွေ ဆွေးနွေးခဲ့တာ ရှိမလဲ။

ဖြေ – ဒီဖိုရမ်ဆိုတာကလည်း ပြီးခဲ့တဲ့ ၃ ရက်ကျော်က အဖွဲ့ရဲ့ သုံးလတစ်ကြိမ်နောက်ဆက်တွဲ တွေ့ဆုံပွဲတွေ လုပ်မယ်ဆိုတဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အခင်းအကျင်းတစ်ခု ဖြစ်မယ်ပေါ့လေ။ ဒီအချိန်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးတာ မရှိသလောက်ပေါ့လေ။

ဒီလိုမျိုးတွေ့ဆုံပွဲလုပ်တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲပဲပြောပြော အခုတလောလေးမှာ ပြန်လည်ပေါ်ပေါက်လာတာက နှစ်ကြိမ် ရှိပြီပေါ့လေ။ ဆွေးနွေးခဲ့တာက နိုင်ငံတကာလည်း ပါတယ်။ တတ်သိပညာရှင်တွေလည်း ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြန်ပါလာတာရှိတယ်။

လက်ရှိနိုင်ငံရဲ့ အခက်အခဲ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် သူ့အမည် ကိုယ့်အမည် အပြန်အလှန် တင်ပြဆွေးနွေးမှုလုပ်တာတို့ ဘာတို့က အဓိကကျပါတယ်။

ပကတိအခြေအနေအပေါ်မှာ အပြန်အလှန် သုံးသပ်တာတို့ ပြုလုပ်နေတာရှိပါတယ်။ တက်ရောက်လာတဲ့ ခေါင်း‌ဆောင်တွေက အားလုံး ဆွေးနွေးခွင့်ကို ပေးကြတယ်။ အခုဖိုရမ်မှာ နိုင်ငံရေးပါတီဆွေးနွေးမှုတို့က ပိုပြီး ကျယ်ပြန့်လာတာ ရှိတယ်။ မီဒီယာဆိုလည်း အစိုးရမီဒီယာရော အတိုက်အခံမီဒီယာရော ပါသလို ပါတီတွေဆိုရင်လည်းပဲ လက်ရှိတရားဝင်ဖြစ်တဲ့ ပါတီရော အကုန်ဖိတ်ကြားထားတာ တွေ့ရတယ်။

ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်နဲ့ ၃ ရက်တာပြုလုပ်တဲ့ တွေ့ဆုံပွဲက ထောင့်စုံကနေ လက်ရှိနိုင်ငံရဲ့အခြေအနေကို တင်ပြတာရှိတယ်။ သူ့အမြင် ကိုယ့်အမြင်တင်ပြတာရှိတယ်။ EAO တွေကိုလည်း တစ်ဖွဲ့ချင်းစီကို သီးသန့်ဖိတ်တယ်။ ဘယ်အဖွဲ့ကို ဘာဆွေးနွေးလဲဆိုတာတော့ အတိအကျပြောဖို့ရာ ခက်ပါတယ်။

အဓိက ကျွန်တော်တို့ အားလုံးကြုံနေရတဲ့ အခက်အခဲ အကြပ်အတည်း အားလုံးကို လမ်းစရှာနိုင်တဲ့ အချက်အလက်တွေကိုတော့ အဓိကထား ဆွေးနွေးကြတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။

မေး – ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နေပြည်တော်ဖိုရမ်မှာ စစ်ကောင်စီဘက်က တင်ပြတာ၊ ဆရာတို့ဘက်က အကူအညီတောင်းခံခဲ့တာမျိုးရော ရှိမလား။

ဖြေ – ရွေးကောက်ပွဲဆိုတာ အခုတလောမှာ အပြောများတယ်။ စိတ်ပါဝင်စားမှုလည်း အတော်များများရှိတယ်။ တစ်ဖွဲ့ချင်းစီဖိတ်ပြီး တစ်ဖွဲ့ချင်းစီသွားတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ 7EAO အဖွဲ့ရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းပေါ်မှာပဲ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲလို့ ပြောရင်လည်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် စိန်ခေါ်မှုတွေ အများကြီးရှိတာ အားလုံးသိမှာပေါ့လေ။ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့က နံပါတ် ၁ က ပြည်သူလူထုရဲ့ အာရုံစူးစိုက်ပူးပေါင်းပါဝင်မှုက အဓိက ကျသလို အဲဒီလို ပူးပေါင်းပါဝင်မှု ဆောင်ရွက်ဖို့က ဒေသတည်ငြိမ်ရေးကလည်း မရှိမဖြစ် လိုအပ်တဲ့အခင်းအကျင်းတစ်ခုလို့ ကျွန်တော်တို့ နားလည်တယ်။

အခုလက်ရှိအခြေအနေအရ အဲဒီနှစ်ခုလုံးက ချို့တဲ့နေတယ်။ ရွေးကောက်ပွဲက ကျွန်တော်တို့ စိန်ခေါ်မှုတွေ အများကြီး ရှိကြမယ်ဆိုတာကတော့ ဒါက အားလုံး သိရှိပြီးသား ဖြစ်မှာပါ။ ပြည်သူလူထုအပေါ်မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမြင်တွေက အမျိုးမျိုးရှိကြတယ်လေ။

ရွေးကောက်ပွဲလုပ်လိုက်ခြင်းအားဖြင့် ဒီအုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးကို တစ်ဝက်တစ်ပျက်ပဲဖြစ်ဖြစ် တက်လှမ်းနိုင်တဲ့ တိုးတက်မှုတစ်ခုအဖြစ် ယူဆပြီးတော့ ဒါကိုလုပ်ဖို့ ရှုမြင်တဲ့သူတွေရှိသလို ရွေးကောက်ပွဲ လုပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့တွေက အရင်ကလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ရောက်သွားပြီးတော့ ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်လို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ အဲဒီလိုမျိုး ဆန့်ကျင်ရှုမြင်တဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေလည်း ရှိတယ်ဆိုတာကို ပကတိအရှိတရားပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ဖိုရမ်မှာ သူ့အမြင် ကိုယ့်အမြင် ကျယ်ပြန့်စွာဆွေးနွေးခဲ့တာ အမှန်ပါပဲ။ တင်ပြချက်တွေကတော့ အများကြီးတွေ့ရှိရတယ်။ အပြန်အလှန် ဆွေးနွေးငြင်းခုံတဲ့ ဆွေးနွေးပွဲမဟုတ်တော့ တာဝန်ရှိသူတွေကသာ စုစည်းထားတယ်လို့ သိရပါတယ်။

မေး – ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့ စစ်ကောင်စီဘက်က ဖိတ်ခေါ်ကမ်းလှမ်းတာ ရှိထားတော့ လာမယ့် ဇူလိုင် ၃၁ ရက်မှာ ခေါ်ယူမယ့် ကာလုံအစည်းအဝေးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုဆုံးဖြတ်မယ်လို့ ထင်မြင်ယူဆပါသလဲ။

ဖြေ – ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တယ်ဆိုတာက‌ စေ့စပ်လာတဲ့ ခေါင်းစဉ်လို့ ပြောလို့ရပါတယ်။ လက်ရှိကြုံနေရတဲ့ အခက်အခဲက ဘယ်သူ့လက်ထက်မှာမှ တစ်ခါမှ မကြုံဖူးတဲ့ စစ်ရေးဘောင်က ကျယ်ပြန့်နေတယ်လေ။

တစ်နိုင်ငံလုံးနီးပါးကို ကျွန်တော်တို့က လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတယ်ဆိုတာ ဘယ်လောက်အထိ ကြီးမားကျယ်ပြန့်တယ်ဆိုတာ တွေ့လာရပြီလေ။ ငြိမ်းချမ်းရေးက တကယ်လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တယ်ဆိုရင်လည်း အကောင်းမြင်ရှိနေချင်ပါတယ်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့တွေကို ပူးပေါင်းပါဝင်ဖို့ ဆိုတာက လက်နက်ကိုင်တပ်တွေရဲ့နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ရန်လို့ပဲ ကျွန်တော်တို့ နားလည်တယ်ခင်ဗျ။

ရွေးကောက်ပွဲမှာ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရွေးကောက်ခံဝင်ရောက်ဖို့ ကိုယ်စားလှယ်အမည်စာရင်းတွေ ဘာတွေနဲ့ အဲဒီလိုမျိုးတော့ လက်တွေ့အားဖြင့်တော့ မကျပါဘူး။ ရှိလည်း အဲဒီလိုသဘောမျိုးနဲ့ ဖိတ်တာမဟုတ်ဘူးလို့လည်း နားလည်တယ်။

အဲဒီလိုသဘောမျိုးနဲ့ ဖိတ်တယ်လိုလည်း မမြင်ဘူး။ ရွေးကောက်ပွဲတွေက စိန်ခေါ်မှု ကြီးမားတယ်။ မဖြစ်ဖြစ်အောင် လုပ်ဖို့ ကျွန်တော်တို့ပြည်သူတွေအတွက် အရမ်းကို စိန်ခေါ်ဖို့ ကြီးမားတဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင်မှာ သက်ဆိုင်တဲ့သူအားလုံးကနေပြီးတော့ နိုင်ငံရေး သဘောတူညီချက် ရယူနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲအတွက်လည်း များစွာ ဆိုးကျိုးတွေကိုလျှော့ချနိုင်မှာဖြစ်လို့ ဖိတ်ခေါ်တယ်လိုပဲ၊ အဲဒီလိုမျိုးနားလည်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး အကြပ်အတည်းကာလတစ်ခုအောက်မှာ လက်နက်ကိုင်ပဋိပက္ခက တော်တော်လေးကြီးမား ကျယ်ပြန့်တယ်။ ရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတယ်ဆိုရင် ခုနကပြောသလို သက်ဆိုင်သူအားလုံးက နိုင်ငံရေးသဘောတူညီချက်တစ်ခုခု ရယူနိုင်မယ်ဆိုရင် ဒါအများကြီးလည်း အကျိုးရှိနိုင်တယ်လို့ ကျွန်တော်တို့က အဲဒီလိုမျိုးပဲ မြင်ပါတယ်။

ဖြစ်တာမဖြစ်တာ တစ်ပိုင်းပေါ့လေ။ ကြိုးပမ်းရမှာပေါ့။ ရွေးကောက်ပွဲဆိုတာကလည်း မဖြစ်ဖြစ်အောင် လုပ်မယ်ဆို ပြောနေတာရှိတယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ လေ့လာနိုင်စွမ်းတာ ကျွန်တော့်မှာ အားနည်းပါတယ်။ အများပြောကြသလိုပေါ့။ ဒီဇင်ဘာ၊ ဇန်နဝါရီလောက်မှာ ရွေးကောက်ပွဲ လုပ်မယ်စသဖြင့်ပေါ့။ အဲဒီလိုမျိုးပဲ သိရတာပေါ့။ အဖြေကတော့ ဘယ်သူမှ တရားသေပြောလို့ မရပါဘူး။

မေး – လာမယ့် ဒီဇင်ဘာမတိုင်ခင် ဆရာတို့ ဆွေးနွေးပွဲတွေ ဆက်ရှိဦးမလား။

ဖြေ – ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတာက လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပိုများတယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် စစ်ရေးဆိုရင် အရမ်းကို မျက်နှာပွင့်တယ်ပေါ့ ဒီအချိန်မှာ။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲလို့ ပြောရင် အရမ်းကို မျက်နှာငယ်ပြီးတော့ အရမ်းကို ရှားပါင်းခေါင်းပါးနေတဲ့ ကာလတစ်ခုအောက်မှာတော့ သက်ဆိုင်ရာအစုအဖွဲ့တွေအသီးသီးက ကြိုးပမ်းမှုတွေကတော့ ရှိမယ်ထင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.