မော်လမြိုင်၊ ဇူလိုင် ၁၅

နိုင်ငံတဝန်းမှာ အခုနှစ် ခြောက်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် ၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့ Spring Revolution Database- SRD က ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လအတွင်း နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် ၅၄၄ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၄၄၃၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

SRD အဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ခြောက်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၁၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၂၈၁ ကြိမ်နဲ့ ထိတွေ့မှု အများဆုံး ဖြစ်ပွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကချင်ပြည်နယ်၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၅၂ ခုကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ မြေမြင်စစ်ရေးအခြေအနေတွေမှာ ရှုံးနိမ့်နေတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာခဲ့သလို စစ်သားလိုအပ်ချက်အရ နိုင်ငံအနှံ့မှာ တပ်သားသစ် စုဆောင်းမှုတွေ ပိုမိုများပြားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.