မော်လမြိုင် ၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ကရင်နီ၊ကရင်နဲ့ မွန်အဖွဲ့ တို့ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ဖို့ လက်မှတ်ရေးထိုး သဘောတူထားတယ်လို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော် နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ နိုင်ဇေယျက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD / ရာမညမွန်တပ်တော် ကနေ ဖွင့်လှစ်တဲ့ အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားမှာ မိန့်ခွန်းအဖြစ် ပြောဆိုခဲ့တာကို ဇူလိုင် ၁၃ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လာတာပါ။
မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA – AD နဲ့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော်အဖြစ် ဖွဲ့စည်းခဲ့မှုအပေါ် တအာင်းတပ် TNLA က အသိအမှတ်ပြုခဲ့တယ်လို့ နိုင်ဇေယျက ဆိုပါတယ်။
တောင်ပိုင်းမှာဆိုရင် ကရင်နီအဖွဲ့၊ ကရင်အဖွဲ့ နဲ့ မွန်အဖွဲ့တို့က ညီအစ်ကိုတွေ စစ်ရေးမဟာမိတ်အဖြစ် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ဖို့ လက်မှတ်ရေးထိုးသဘောတူထားတာ ရှိတယ်လို့ သူက သင်တန်းဆင်းရဲဘော်တွေကို အသိပေးပြောဆိုခဲ့တာပါ။
ဒါပေမယ့် ကရင်နီနဲ့ ကရင်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း နာမည်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။
စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ ကရင်နီအဖွဲ့ထဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ ပါဝင်သလို ကရင်အဖွဲ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ ဦးဆောင်နေကြတာပါ။
နိုင်ဇေယျကတော့ မိမိတို့လိုမျိုး တော်လှန်တိုက်ပွဲဝင်နေတဲ့ မွန်လက်နက်ကိုင်တပ်တစ်တပ်က ရာမညမွန်တပ်တော်မှာ ပူးပေါင်းပါဝင်ဖို့ အကြမ်းမျဉ်း သဘောတူညီထားတာ ရှိပြီး အဖွဲ့နာမည်ကိုတော့ ပြောမသွားခဲ့ပါဘူး။
ကျန်ရှိနေတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကိုလည်း ရာမညမွန်တပ်တော်မှာ ပူးပေါင်းပါဝင်ပြီး အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ တံခါးဖွင့်ထားသလို ဆက်လက်ဆွေးနွေးနေတာ ရှိတယ်လို့ သူက သင်တန်းဆင်းအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ မွန်လက်နက်ကိုင်တပ်နှစ်တပ်ကို ရာမညမွန်တပ်တော် RMA အဖြစ် မေ ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မွန်လက်နက်ကိုင်အဖွဲ့တွေထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ရာမညမွန်တပ်တော် RMA တို့ တည်ရှိနေပြီး ဒေသတွင်းမှာတော့ အခြား PDF တွေနဲ့ တော်လှန်ရေးအဖွဲ့တွေလည်း ရှိနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP-AD/RMA