ဖနွမ်းပင်၊ ဇူလိုင် ၁၅

ထိုင်းနဲ့ နယ်စပ်တင်းမာမှု မြင့်တက်လာတာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၀ ကြားအရွယ်ရှိ ကမ္ဘောဒီးယား အမျိုးသားများအားလုံး လာမယ့်နှစ်က စတင်ပြီး မဖြစ်မနေ စစ်မှုထမ်းကြရတော့မှာ ဖြစ်ပါတယ်။

ကာလရှည်ရှိနေခဲ့တဲ့ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုကြောင့် နယ်စပ် ဖြတ်ကျော် ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့တဲ့ မေလကတည်းက နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေပါတယ်။

ဒီလို ထိပ်တိုက်တွေ့မှုဟာ မိမိတို့အတွက် သင်ခန်းစာဖြစ်ပြီး မိမိတို့ စစ်တပ်ကို ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တွေ ထားရှိဖို့နဲ့ လေ့လာ သုံးသပ်ဖို့ အခွင့်အလမ်း ဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။

ကမ္ဘောဒီးယား စစ်မှုထမ်းဥပဒေကို ၂၀၀၆ ခုနှစ် အတည်ပြုခဲ့ပြီး အသက် ၁၈ နှစ်နဲ့ ၃၀ ကြား အမျိုးသားအားလုံး ၁၈ လ စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပေမယ့် တစ်ခါမှ အသက်မသွင်းခဲ့ပါဘူး။

အမျိုးသမီးတွေအတွက် စစ်မှုထမ်းဖို့က ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ လေ့ကျင့်သင်ကြားမှုနဲ့ ပို့ဆောင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခွင့်ရရေး စစ်မှုထမ်းကာလ ၁၈ လကို ဥပဒေသစ်က ၂၄ လ အထိ တိုးမြှင့်ထားတယ်လို့ ဟွန်မာနက်က ပြောကြားကြောင်း Khmer Time sသတင်းဌာနက ဖော်ပြပါတယ်။

စစ်မှုထမ်းပြီးသူတွေအနေနဲ့ ရိုးရိုး အရပ်သားတွေလို ပြန်နေလို့ ရပေမယ့် အရန်တပ်သားအဖြစ် ဆက်လက်သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ စစ်အင်အားတည်ဆောက်မှုဟာ ဘယ်နိုင်ငံကိုမှ ကျူးကျော်ဖို့အတွက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။

မြတြိဂံဒေသလို့ ခေါ်တဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ နှစ်နိုင်ငံစစ်သားတွေ ပစ်ခတ်မှု ဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ဖနွမ်းပင်နဲ့ ဘန်ကောက်ကြား ဆက်ဆံရေး ထိခိုက်ခဲ့ပြီး နယ်စပ်ဂိတ်တွေ ပိတ်ထားသလို ကမ္ဘောဒီးယားက လောင်စာနဲ့ ဂတ်စ် တင်သွင်းမှုတွေကို ရပ်ဆိုင်းထားပါတယ်။

အဲဒီကိစ္စကြောင့် ထိုင်းဝန်ကြီးချုပ်လည်း ဖြုတ်ချခံရပြီး ထိုင်းနိုင်ငံရေး ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။

ထိုင်းကလည်း အသက် ၂၁ နှစ်ပြည့်ပြီး ခန္ဓာကိုယ် သန်စွမ်းသူတွေ အနေနဲ့ နှစ်နှစ် စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ ဧပြီလအထိတော့ နှစ်စဉ် ကံစမ်းမဲစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Ref:ABC/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.