မကွေး ဇူလိုင် ၁၄
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀ ဝန်းကျင် မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စိန်ပန်းကုန်းရွာကို မီးရှို့ ဖျက်ဆီးသွားတာဖြစ်ပြီး ဒေသခံ ၁ ဦးလည်း လက်နက်ကြီး ထိမှန်သေဆုံးတယ်လို့ သိရပါတယ်။

“ဒီအတိုင်း ကားနဲ့ ရောက်ချလာပြီး မီးရှို့သွားတာ။ ထိတွေ့တိုက်ပွဲလည်းမရှိဘူး။ ကားလမ်းနဲ့ကလည်းသိပ်မဝေးဘူး။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စိန်ပန်းကုန်းရွာဟာ ဆိပ်ဖြူ-ဆော ကားလမ်းနဲ့ ၅ မိုင်ဝန်းကျင်သာ ဝေးပြီး စစ်ကောင်စီရဲ့အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ ကား ၅ စီးကလာရောက်မီးရှို့သွားတာလို့ သိရပါတယ်။

စိန်ပန်းကုန်းရွာက အိမ်ခြေ ၃၀ ဝန်းကျင် ထိန်ကန်ရွာက နေအိမ် ၂ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စိန်ပန်းကုန်း၊ ထိန်ကန်ကျေးရွာတွေဘက်ကို စစ်ကောင်စီက စစ်ကြောင်း မဝင်ရောက်တာ လများစွာ ကြာမြင့်နေပြီဖြစ်တဲ့အတွက် စစ်ကြောင်းကို ကာကွယ်ဖို့ ပြင်ဆင်ချိန် မရလိုက်တာဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Yenanthar Column