ကျောက်မဲ၊ ဇူလိုင် ၁၄
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျောက်မဲမြို့ရှိ ပိန္ဒဲကုန်းကျေးရွာ၊ အမက ၁၃ စာသင်ကျောင်းနဲ့ မိုးကုတ်မြို့ရှိ ပန်းမထိပ်အနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက် ကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ကျောက်မဲမြို့နေ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ ဇလပ်ဝါအချိုခြောက်စက်ရုံလည်း ဗုံးစထိမှန်ပျက်စီးကာ ကား ၃ စီးနဲ့ ဆိုင်ကယ် ၅ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မိုးကုတ်မြို့ ဗုံးကြဲမှုမှာ ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှစပြီး ဇူလိုင် ၁၂ ရက်နေ့အထိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ သီပေါမြို့နယ်တွေနဲ့ ကျေးရွာတွေကို လေကြောင်းကနေ စုစုပေါင်း ၉ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA