ရေး၊ ဇူလိုင် ၁၁
မွန်ပြည်နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာအခြေစိုက် လူမှုကူညီရေးအသင်းဖြစ်တဲ့ ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းက အသင်းဝင်နှစ်ဦး အုပ်စုဖွဲ့ ဓားနဲ့ခုတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ အဲဒီလူမှုကူညီရေးအသင်းရဲ့ အတွင်းရေးမှူးနဲ့ အသင်းသား တစ်ဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ လမိုင်းမြို့ကနေ မော့ကနင်ကျေးရွာကို ပြန်လာချိန် ကော့လဝဲရပ်ကွက်အရောက်မှာ အုပ်စုဖွဲ့ ဓားနဲ့ ခုတ်ခံခဲ့ရတာပါ။
ဒေသခံတွေရဲ့ပြောပြချက်အရ ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းသားနှစ်ဦးကို အမျိူးသား လေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ လိုက်လာပြီး ဓားနဲ့ ခုတ်သွားတာ ဖြစ်ပါတယ်။
ဓားနဲ့ခုတ်ခံရတာကြောင့် အသက် ၂၅ နှစ်အရွယ် အသင်းသား လူငယ်တစ်ဦးဟာ ဦးခေါင်းမှာ ဓားဒဏ်ရာနှစ်ချက် ရရှိပြီးနောက် လမိုင်းဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။
ဒီဖြစ်စဉ်ဟာ လူငယ်အချင်းချင်း ရန်ငြိုးရန်စကြောင့် ဓားနဲ့ခုတ်သွားတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေရှိပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
အုပ်စုဖွဲ့ ဓားနဲ့ခုတ်သွားတဲ့ အမျိုးသား လေးဦးဟာ လမိုင်းမြို့နေ ဒေသခံလူငယ်တွေဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းဟာ လမိုင်းမြို့အနီး ကျေးရွာတွေနဲ့ ရေး-သံဖြူဇရပ်လမ်းပိုင်းပေါ်က အရေးပေါ်လူနာတွေနဲ့ကျန်းမာရေးမကောင်းသူတွေကို ဆေးရုံဆေးခန်း ပို့ဆောင်တာတွေအတွက် ကူညီလုပ်ကိုင်ပေးနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ