မော်လမြိုင် ၊ ဇူလိုင် ၁၁
မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီက ကော်မတီဥက္ကဋ္ဌ ဒေါက် တာ သီရိမွန်ချမ်းကို ရာထူးကနေ ပြန်လည်ရုပ်သိမ်းပြီး အဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပယ်မှုဟာ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သီရိမွန်ချမ်းရဲ့ အပြုအမူအပြောအဆို ကြံစည်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေအပေါ် ဆက်လက်ယုံကြည် လက်တွဲလုပ်ဆောင်ဖို့ အဆင်မပြေမှုတွေ အခက်အ ခဲတွေ ဖြစ်ပေါ်လာတာမို့ နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီက ဇူလိုင် ၉ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ကော်မတီဝင်အားလုံးရဲ့ သဘောထားဆန္ဒအရ ဒေါက်တာ သီရိမွန်ချမ်းကို ပေးအပ်ထားတဲ့ တာဝန်တွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဖော်ပြပါတယ်။
MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီဝင်တစ်ဦးက “ဒေါက်တာ သီရိမွန်ချမ်းကို ထုတ်ပယ်ရခြင်းကတော့ ကော်မတီဝင်တွေ အားလုံး လက်မခံတဲ့ကိစ္စကို သူ့တစ်ယောက်တည်းသဘောနဲ့ လုပ် ဆောင်ခဲ့လို့ ဖြစ်တယ်။ အဓိက ပြောရမယ်ဆိုရင် လက်ရှိ မြေပြင်အခြေအနေကို နားမလည်ဘဲ မသိဘဲနဲ့ မြေပြင်ကတပ်မှူးတွေ ပြောစကားပေါ်မှာ ယုံကြည်ပြီးတော့ အမိန့်ပေးစေခိုင်းတဲ့ ကိစ္စရပ်တွေကြောင့် ကျွန်တော်တို့ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီးတော့ ကော်မတီဝင် အားလုံးရဲ့ ဆန္ဒအတိုင်း သူ့ရဲ့ လုပ်ရပ်ကို လက်မခံနိုင်လို့ ထုတ်ပယ်ရခြင်း ဖြစ်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေါက်တာ သီရိမွန်ချမ်းရဲ့ အမိန့်ပေးစေခိုင်းတဲ့ ကိစ္စရပ်ကိုတော့ အဲဒီကော်မတီဝင်က အသေးစိတ် ပြောမသွားခဲ့ပါဘူး။
ဒီကိစ္စအပေါ် သံလွင်တိုင်းမ်အနေနဲ့ ဒေါက်တာ သီရိမွန်ချမ်းကို မေးမြန်းရာမှာတော့ ဇူလိုင် ၇ ရက်နေ့မှာ MSDF ရဲဘော်တွေလက်နက်အားလုံး ဌာနချုပ်မှာ ပြန်ထားဖို့ ဆုံးဖြတ်ချက်ချထားတာကို အတွင်းရေးမှူး နိုင်ကိုသူက အမိန့်ကိုမနာခံဘဲ ၇၅ ဒေသမှာ ယူသွားဖို့ လုပ်တာဟာ တပ်ကနေ ခွဲထွက်မယ့် ကိစ္စလို့ သူက ဆိုပါတယ်။
ဒါကြောင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ ၇၅ လို့ ခေါ်တဲ့ တပ်စခန်း လျှိူဝှက်နေရာမှာ ရှိတဲ့ ရဲဘော်တွေအပါအဝင် လက်နက်တွေ အားလုံး ဌာနချုပ်မှာ ပြန်အပ်ဖို့ နိုင်ကိုသူကို တင်မှူးကနေတဆင့် ဒေါက်တာ သီရိမွန်ချမ်းက အမိန့်ပေးခဲ့ပါတယ်။
“အမှန်မှာက သူ့ကို ဖမ်းဖို့လည်း မပြောဘူး၊ ပစ်သတ်ဖို့လည်း မပြောဘူး။ တကယ်လို့ ပေးတဲ့ အမိန့်အတိုင်း ဒီလက်နက်ကို ပြန်မယူသွားဖို့ တားဆီးလို့ မရဘူးဆိုရင် ဖမ်းဆီးထားဖို့ နောက်ပြီး တကယ် လို့ သူက လက်နက်နဲ့ ပြန်ပြီး တုံ့ပြန်မယ်ဆိုရင် ပြန်တုံ့ပြန်ပြီး ပစ်သတ်ဖို့ အဲဒီလို အမိန့်ပေးထားတယ်။ အမိန့်ပေးမှုအပေါ်မှာ မိမိအနေနဲ့ စစ်သားတစ်ယောက်အနေနဲ့ ရဲရဲဝံ့ဝံ့ တာဝန်ယူတယ် တာ ဝန်ခံတယ်။ ဒါကိုလည်း ညတုန်းက ကော်မတီမှာ အားလုံးတင်ပြထားတယ်။ ဒါကြောင့်ပဲ အောက် ခြေမှာ ဘာကြောင့် အမိန့်တွေ ပေးခဲ့သလဲဆိုတာကို အောက်ခြေမှာရှိနေတဲ့ တပ်ရင်းမှူးကိုလည်း ဒီကော်မတီဝင်တွေ မေးဖို့ လိုတယ်” လို့ ဆိုပါတယ်။
ကော်မတီဝင်တွေကတော့ လာမယ့် တစ်လအတွင်း MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီကို ပြန်လည် တိုးချဲ့ ဖွဲ့စည်းပြီး သက်ဆိုင်ရာ တာဝန်ထမ်းဆောင်မယ့် သူတွေကို ရွေးချယ်တင် မြှောက်ကာ တော်လှန်ရေးတာဝန်တွေကို ပေးအပ်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားကြောင်း အသိပေးထားတာပါ။
ဒါ့အပြင် နစ်နာခဲ့ရသူအတွက် တရားမျှတမှုရအောင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာရှိတဲ့ တရားရေးဌာနကိုလည်း တိုင်ကြားသွားမယ်လို့ အမည်မဖော်လိုတဲ့ MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီဝင်တစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။
အမည်မဖော်လိုတဲ့ MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီဝင် တစ်ဦးက “သူကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ သဘာပတိတစ်ယောက်ဖြစ်တဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီကိုလည်း ကျွန်တော်တို့ တိုင်ကြားသွားဖို့ ရှိတယ်။ နစ်နာခဲ့ရတဲ့ ကိစ္စရပ်တွေအတွက် တရားမျှတမှု ရယူဖို့အတွက်ကို ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်က ကော်မတီဝင်တွေအားလုံး အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒေါက်တာ သီရိမွန်ချမ်းကတော့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ဟာ တပ်မှူးနဲ့ မိမိရဲ့ အုပ်ချုပ်မှူအောက်မှာ အပြည့်အဝရှိနေပြီး ၇၅ ဒေသမှာ ရှိတဲ့ လက်နက် ၁၀ လက်နဲ့အတူ တပ်သားတချို့သာ နိုင်ကိုသူနဲ့အတူ ရှိနေတာလို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် ကြေညာချက်ထုတ်ပြန်ထားတဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တရားဝင် ဖေ့ဘုတ်စာမျက်နှာကနေ ဖော်ပြထားတာ မတွေ့ရသေးပေမယ့် MSDF နှစ်ဖွဲ့ ဖြစ်နေမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။
တစ်ဘက်မှာ မွန်ပြည်ကာကွယ်ရေးတပ်ကနေ ဒေါက်တာ သီရိမွန်ချမ်းကို ထုတ်ပယ်လိုက်တာဖြစ်တဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ တာဝန်ယူထားမှုအပေါ် တစ်ပါးတည်း ရပ်ဆိုင်းဖို့ ရှိ မရှိ သံလွင်တိုင်းမ်က နှစ်ဘက်စလုံးကို မေးမြန်းခဲ့ပါတယ်။
ဒါပေမယ့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ဘက်က တုံ့ပြန်ချက်မရရှိခဲ့ပေမယ့် မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ လာမယ့် စနေနေ့မှာ ကောင်စီအတွင်း ဆွေးနွေးဖို့ ရှိမယ်လို့ အကြောင်းပြန်ပါတယ်။
ဒီအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဘက်နှစ်ဘက်မျှအောင် စုံစမ်းမယ်ဆိုရင် ဖြစ်ရပ်မှန် ပေါ်လာမယ်လို့ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
“MSFC ကိုလည်း မိမိအနေနဲ့ ပြောထားပြီးသားပဲ။ MSFC က တကယ်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ရင်တော့ ပိုပြီးတော့ ကောင်းသွားတယ်။တကယ်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားရင် မိမိ တင်ပြထားတဲ့အတိုင်းပေါ့။ အောက်ခြေမှာ တပ်မှူးနဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကျတော့ တပ်မှူးကိုလည်း စုံစမ်းမယ်။ နောက်ပြီး ဟိုဘက်ကိုလည်း စုံစမ်းမယ်ဆိုရင် ဖြစ်ရပ်အမှန်က ပေါ်လာမှာပဲ။ နောက်ပြီးတော့ အမိန့်ပေးတဲ့ ကိစ္စကလည်း တာဝန်ခံမှု တာဝန်ယူမှုအဖြစ် မိမိအနေနဲ့ အားလုံး တာဝန်ယူဖို့ပဲ။ ဒါပေမယ့် ဒီကိစ္စ အဖြစ်မှန်ပေါ်ဖို့ပဲ အရေးကြီးတယ်”လို့ ဆိုပါတယ်။
ဒေါက်တာ သီရိမွန်ချမ်းဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မွန်ပြည်ကာကွယ် ရေးတပ် MSDF နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီ ပုံမှန်အစည်းအဝေးကနေ ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး ကော်မတီဝင်တွေက ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ကြတာပါ။
အဲဒီနောက် မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ တာဝန်ရှိသူတချို့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာ ပါဝင်ပြီး နိုင်ငံရေးတာဝန်တွေကို ပူးပေါင်းတာဝန်ယူသွားဖို့ ၂၀၂၄ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ဒေါက်တာ သီရိမွန်ချမ်းဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အုပ်ချုပ်ရေးကော်မတီမှာ ပါဝင်နေပြီး MSFC ရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီမှာလည်း အဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်။
ဒါ့အပြင် အခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တတိယကြိမ်ညီလာခံမှာ အခြားသူနှစ်ဦးနဲ့အတူ ဒေါက်တာ သီရိမွန်ချမ်းကို သဘာပတိအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSDF