မကွေး ဇူလိုင် ၁၀
မကွေးတိုင်း မင်းဘူးခရိုင်အတွင်း စစ်ကောင်စီက စစ်မှုထမ်းအတွက်ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူနဲ့ စလင်းမြို့တွေမှာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ပြုလုပ်လာတာပါ။
“မင်းဘူးမြို့ကြီးမှာတောင် စစ်တပ်အရာရှိတွေနေတဲ့ အိမ်ရာတွေဘေးက ရပ်ကွက်ကို ညနေ နေဝင်ခါစမှာ အိမ်တွေထဲအထိ ဝင်ဆွဲတာတွေလုပ်ဆောင်နေပါတယ်။ တော်တော်များများလည်း ပါသွားတယ်။” လို့ မင်းဘူးဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မင်းဘူးမြို့ မကျီးချောင်းရပ်ကွက်က လူငယ် ၁၀ ဦးထက်မနည်းကို ဇူလိုင် ၈ ရက် ညပိုင်းမှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဘယ်တပ်က ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာတော့ အတိအကျမသိရသေးဘဲ လူငယ်လူရွယ်တွေ အသွားအလာနည်းသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၉ ရက်က စကုမြို့အဝင်၊ ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်၊ စလင်းမြို့နယ် လက်မဲကန်တစ်ဝိုက်မှာ ပွင့်ဖြူမြို့နယ်က ပျူစောထီးတွေနဲ့ ယာဉ်ထိန်းရဲတို့ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အကြောင်းပြ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာသား ၂ ဦးကို စစ်မှုထမ်းအတွက် ငွေကြေးမထည့်နိုင်လို့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI