ဘီးလင်း၊ ဇူလိုင် ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေး မှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ မင်းစောရွာကို ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာပါ။

စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကျေးရွာစာသင်ကျောင်းနဲ့ လူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲသွားတဲ့ မင်းစောကျေးရွာဟာ KNU တပ်မဟာ(၁) သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခဏဆိုသလို လာရောက်ဗုံးကြဲတာတွေ ရှိနေပါတယ်။

မင်းစောကျေးရွာကို အာဏသိမ်းကာလအတွင်း စစ်ကောင်စီတပ်က အခုတစ်ကြိမ်အပါအဝင် သုံးကြိမ် ဗုံးကြဲထားပြီး ကိုရင်တွေအပါအဝင် အရပ်သားပြည်သူလေးဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က မင်းစောကျေးရွာရဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားစုလှုပ်ရှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုံးကြဲမှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၁) ဘက်ကတော့ ပညာရေးနဲ့ဘာသာရေးဆိုင်ရာ အဆောက်အဦတွေမှာ အခြေချတာ မရှိကြောင်းနဲ့ အခုလို ဗုံးကြဲမှုတွေဟာ အရပ်သား ပစ်မှတ်ကို ရည်ရွယ်တိုက်ခိုက်မှုလို့ တုံ့ပြန်ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.