မကွေး ဇူလိုင် ၁၀

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ ဒေသခံပြည်သူအရေအတွက် များပြားလာတယ်လို့ သိရပါတယ်။ ဇူလိုင် ၉ ရက်မှာ ပွင့်ဖြူ ညောင်ပင်စောက်ကျေးရွာသား ၃ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီနေ့ ည ၉ နာရီဝန်းကျင်မှာ အိမ်စီးကားနဲ့ လာရောက်ဖမ်းခေါ်သွားတာဖြစ်ပြီး ဇူလိုင် ၁၀ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဖမ်းခံရတဲ့သူတွေ မြို့နယ်မှာ တော်တော်များလာပြီ။၂၁ အစောပိုင်းတုန်းကလိုပဲ ညကြီးအချိန်မတော်တွေမှာ ဝင်ဝင်ပြီးတော့ဖမ်းတာ။ ပြီးတော့ အခုအထိ ပြန်လွတ်လာတာတွေ မရှိသေးဘူး။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညောင်ပင်စောက်ကျေးရွာက ဦးအေးသွင်နဲ့ သားဖြစ်သူ၊ ကိုထက်ဝေလင်းတို့ သုံးယောက်ကို ပျူစောထီးနဲ့ စစ်ကောင်စီတို့က ကျောင်းကုန်းကြီးရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကို လက်ရှိအချိန်ထိ မသိရသေးဘဲ အဆက်အသွယ်လည်း ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကျောင်းကုန်းကြီးရွာ ပျူစောထီးတွေက NLD ပါတီဝင် ၅ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး အဖမ်းခံရသူတွေရဲ့ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.