တောင်ငူ၊ ဇူလိုင် ၁၀
ပဲခူးတိုင်း တောင်ငူမြို့နယ် လေးမိုင်ရှိ စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာရှိနှစ်ဦးအပါအဝင် စစ်သည် ၅ ဦးသေဆုံးခဲ့တယ်လို့ Brave Warrior For Myanmar-BWM က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခလရ ၃၉ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် ခလရ ၃၉ အတွင်းရှိ တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နဲ့ တပ်ရင်းလူပျိုဘားတိုက်တွေ မီးလောင်ပျက်စီးသွားပြီး အရာရှိ နှစ်ဦးနဲ့ အခြားစစ်သည် သုံးဦး သေဆုံးခဲ့သလို အရာရှိတစ်ဦးနဲ့ အခြားအဆင့် စစ်သည် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ BWM က ဆိုပါတယ်။
တောင်ငူမြို့ လေးမိုင်ရှိ ခလရ ၃၉ တပ်ရင်းဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုအတွက် အဟန့်အတား ဖြစ်စေတဲ့ စခန်းတစ်ခုဖြစ်တဲ့အပြင် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ရဲ့ စစ်ရေးလိုအပ်ချက်အရ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warrior For Myanmar-BWM ၊ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ၊ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BWM
ပုံစာ-ဇူလိုင်၈ရက်က တောင်ငူလေတပ်ကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်စဉ်