ဝါရှင်တန်၊ ဇူလိုင် ၁၀
တောင်ကိုရီးယားအနေနဲ့ သူတို့ရဲ့ စစ်ဖက်ဆိုင်ရာ ကာကွယ်ရေးအတွက် သူတို့ကိုယ်တိုင် ငွေကြေးကျခံသင့်ကြောင်း၊ အမေရိကန် မဟာမိတ် အနေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို လက်ခံထားမှုအတွက် ငွေကြေးပိုပေးသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
တောင်ကိုရီးယား ပို့ကုန်တွေအတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း ကြေညာပြီး တစ်ရက်အကြာ ဇူလိုင် ၈ ရက်မှာ သမ္မတ ထရန့်က အခုလိုမျိုး ပြောကြားခဲ့တာပါ။

အိမ်ဖြူတော်မှာ သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ထရန့်က တောင်ကိုရီးယားဟာ ငွေအများကြီး ရှာဖွေနိုင်တဲ့ နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးအတွက် ငွေပိုပေးသင့်တယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ချထားပေးရမှုအတွက် ဆိုးလ်အစိုးရဆီက ငွေပိုပေးဖို့ မိမိရဲ့ ပထမရာထူးသက်တမ်းအတွင်း တောင်းဆိုခဲ့ပေမယ့် ဘိုင်ဒန် လက်ထက်မှာ ပယ်ဖျက်ခဲ့တယ်လို့ သူက ပြောပါတယ်။

အမေရိကန် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးထားရမှုအတွက် တောင်ကိုရီးယားအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၁၀ ဘီလီယံ ပေးသင့်တယ်လို့ မိမိက ပြောကြားခဲ့ကြောင်း ထရန့်က ဆက်ပြောပါတယ်။
ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း မိမိအနေနဲ့ ဒေါ်လာ ၃ ဘီလီယံ ရအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် လာမယ့်နှစ်မှာ မိမိတို့ ဆွေးနွေးရလိမ့်မယ်လို့ တောင်ကိုရီးယားကို အသိပေးခဲ့ကြောင်းလည်း သူက ပြောပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တွေကို လက်ခံထားတဲ့ နိုင်ငံတွေအနေနဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ် များစွာ ရရှိနေတယ်လို့လည်း ထရန့်က ပြောပါတယ်။
၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲအမွေအနေနဲ့ တောင်ကိုရီးယားက အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ လောက်ကို လက်ခံထားပါတယ်။
တောင်ကိုရီးယားဟာ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယား အန္တရာယ်က ဘေးကင်းရေး အမေရိကန်ရဲ့ နျူကလီးယား ကာကွယ်မှုကို အမှီပြုနေရပြီး အမေရိကန် စစ်အင်အားကို ကာကွယ်ရေး အဓိက မဟာမိတ် အဖြစ် ရှုမြင်ခံထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။
အမေရိကန် တပ်ဖွဲ့တွေကို လက်ခံထားတဲ့ နိုင်ငံတွေအနေနဲ့ ငွေပို မပေးရင် မိမိတို့ တပ်ဖွဲ့တွေကို ပြန်ခေါ်သွားမှာ ဖြစ်ကြောင်း ထရန့်က အရင်ကလည်း ပြောခဲ့ဖူးပါတယ်။
Ref:Reuters