တနင်္သာရီ၊ ဇူလိုင် ၁၀

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနထံက သိရပါတယ်။

တနင်္သာရီမြို့နယ်အခြေစိုက် ရေဖြူစစ်ဗျူဟာမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာနကို ဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာပါ။

အလင်းဝင်လာတဲ့သူတွေဟာ တပ်သား စိုင်းဝဏ္ဏနဲ့ တပ်သား ဘုန်းမြင့်အောင်တို့ဖြစ်ပြီး MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျဉ်ဆံ ၇၅ တောင့်၊ အီနာဂါဗုံး ၁ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံးတို့နဲ့ အလင်းဝင်ခဲ့တာပါ။

တနင်္သာရီတိုင်းစစ်ဌာနအနေနဲ့ လက်နက်ခဲယမ်းနဲ့အတူ ဆက်သွယ်အလင်းဝင်လာခဲ့တာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီး ပေါ်တာဆွဲခြင်းခံရပြီး အဓမ္မ စစ်မှုထမ်းစုဆောင်းခံရကာ စစ်မှုထမ်းအပတ်စဉ် ၈ ကို တက်ရောက်ခဲ့ပြီးတောက် ခလရ ၄၃၁ တပ်စခန်းမှတဆင့် ရေဖြူစစ်ဗျူဟာမှာ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ အခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တနင်္သာရီပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.