ကျုံဒိုး၊ ဇူလိုင် ၁၀
ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးဝန်းကျင်တိုက်မှာ ရဲဘော် သုံးဦး ကျဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ဒီကနေ့ ဇူလိုင် ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် သုံးဦးဟာ ရဲဘော်ဟိန်းကိုကိုဝင်း၊ ရဲဘော် ဝေလွင်ကျော်၊ ရဲဘော် ရဲဝင်းကိုတို့ ဖြစ်ပြီး ဇွန် ၁၈ ရက်၊ ဇူလိုင် ၆ ရက်နဲ့ ဇူလိုင် ၇ ရက်နေ့တိုမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ ဈာပနအခမ်းအနားကိုတော့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဘာသာရေး ထုံးတမ်းအစဉ်အလာတွေအရ သက်ပျောက်သပိတ်ဆွမ်းကပ်လှူတာ၊ ရေစက်ချအမျှဝေတာနဲ့ ရာမညမွန်တပ်တော် RMA က အမိန့်ပြန်တမ်းထုတ်ပြန်တာ၊ သေနတ်ပစ်ဖောက်ဂုဏ်ပြုမှု ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကော့ကရိတ်-ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း RMA ဘက်ကလည်း ပါဝင်တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအလယ်လောက်ကစလို့ ကော့ကရိတ်-ကျုံဒိုးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၃ လနီးပါးရှိနေပြီး ဒီကနေ့အထိလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့အပါအဝင် အနီးအနားကျေးရွာတွေနဲ့ကျုံဒိုးမြို့အနီးဝန်းကျင်က ကျေးရွာတွေက ဒေသခံ ၅၀၀၀၀ ထက်မနည်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – RMA