ကွာလာလမ်ပူ၊ ဇူလိုင် ၉

အမေရိကန်၊ တရုတ်၊ ရုရှားတို့နဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်မယ့် သုံးရက်ကြာ အစည်းအဝေးအတွက် ကွာလာလမ်ပူမြို့မှာ ဇူလိုင် ၉ ရက်က ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ စုဝေးကြချိန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ကုန်သွယ်ရေးရာ အခွန်အတုပ်တွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မလေးရှားနိုင်ငံ မြို့တော်မှာ ဇူလိုင် ၁၁ ရက် ပြီးဆုံးမယ့် အာဆီယံရဲ့ ထိပ်တန်း သံတမန်များ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ နောက်ဆုံး အခွန်ကောက်ခံရေး လုပ်ရပ်ကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း တစ်ခါက ဖွံ့ဖြိုးရေးအတွက် အသုံးပြုခဲ့တဲ့ ယန္တယားတွေဟာ အခုအချိန်မှာ ဖိအားပေးဖို့၊ သီးခြားဖြစ်အောင်လုပ်ဖို့နဲ့ ထိန်းချုပ်ဖို့ အတွက် အသုံးချခံနေရပါတယ်လို့ ဝန်ကြီးချုပ် အန်ဝါက အစည်းအဝေး အစမှာ ပြောပါတယ်။

အခွန်အတုပ်တွေ၊ ပို့ကုန် တားမြစ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးတွေဟာ အခုအချိန်မှာ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုရဲ့ ချွန်ထက်တဲ့ တန်ဆာပလာတွေ ဖြစ်လာပြီလို့ အန်ဝါက အမေရိကန်နိုင်ငံကို အမည်မတပ်ဘဲနဲ့ ပြောခဲ့တာပါ။

ကုန်သွယ်ရေးစစ်ပွဲအပေါ် ကြောက်ရွံ့မှုများ လွှမ်းခြုံနေတဲ့ အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို မလေးရှားသို့ လာရောက်နေချိန်မှာ အန်ဝါက အခုလိုမျိုး ပြောကြားလာတာ ဖြစ်ပါတယ်။

ဝန်ကြီး ရူဘီယိုဟာ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မလေးရှား မြို့တော်သို့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာ ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ထရန့်က အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံကို အခွန်တိုးမြှင့် ကောက်ခံသွားမှာ ဖြစ်ကြောင်း ဇူလိုင် ၇ ရက်မှာ အသိပေးစာ ပေးပို့ထားပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနေနဲ့ တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ပြောဆိုကြဖို့နဲ့ ရှေ့ရေးကို မျှော်ကိုးပြီး လုပ်ဆောင်ကြဖို့ အန်ဝါက တိုက်တွန်း ပြောဆိုထားတာပါ။

အာဆီယံဟာ မြန်မာ့ပြဿနာ ဖြေရှင်းရေး ခက်ခက်ခဲခဲ ကြိုးပမ်းနေရချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ် ပြဿနာဟာလည်း တအုံနွေးနွေး ဖြစ်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.