ဝါရှင်တန်၊ ဇူလိုင် ၉

ယူကရိန်းသို့ အမေရိကန် ကာကွယ်ရေးလက်နက်များ ပေးပို့ရေး အတည်ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၈ ရက်မှာ ပြောကြားလိုက်ပြီး ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ရေး စဉ်းစားနေတယ်လို့ ပြောပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသူ အရေအတွက် ပိုများလာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပေါ် စိတ်ပျက်နေပြီ ဖြစ်ကြောင်း သူ့ရဲ့ ပြောဆိုမှုက ဖော်ပြနေပါတယ်။

ပူတင်နဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေရတယ်လို့လည်း ထရန့်က ပြောပါတယ်။

သမ္မတ ရွေးကောက်ပွဲ ဝင်ချိန်ကတည်းက စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်ပစ်မယ်လို့ ကတိပြုခဲ့တဲ့ ထရန့်ဟာ သူ့ကတိအတိုင်း မစွမ်းဆောင်နိုင်ဖြစ်နေပြီး ငြိမ်းချမ်းရေးအတွက် သူ့အစိုးရရဲ့ ကြားဝင် ဆောင်ရွက်ရေး ကြိုးပမ်းမှုတွေဟာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။

စစ်ပွဲနဲ့ပတ်သက်လို့ ရုရှားအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး လွှတ်တော်ရှိ ဥပဒေကြမ်းကို ထောက်ခံ၊မခံ အလေးအနက် စဉ်းစားနေတယ်လို့ ထရန့်က ပြောပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ် ရီပက်ဘလေကန် လွှတ်တော်အမတ် လင်ဆေး ဂရာဟမ်နဲ့ ကွန်နက်တီကက်ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် ရစ်ချက် ဘလူမန်တယ်တို့ ဦးဆောင် တင်သွင်းတဲ့ အဲဒီဥပဒေကြမ်းက မော်စကိုနဲ့ ကုန်သွယ်နေတဲ့ တခြား နိုင်ငံတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ရုရှားရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ယူရေနီယံနဲ့ တခြားပို့ကုန်တွေကို ဝယ်ယူတဲ့ နိုင်ငံတွေအပေါ် အခွန် ၅၀၀ ရာခိုင်နှုန်း ကောက်ခံဖို့လည်း အဲဒီ ဥပဒေကြမ်းက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ယူကရိန်းသို့ အမေရိကန်က အဓိကအားဖြင့် ကာကွယ်ရေး လက်နက်တွေ ပို့ဆောင်သွားမှာ ဖြစ်ကြောင်း ထရန့်က ဇူလိုင် ၇ ရက်မှာ ပြောဆိုထားတာပါ။

ဇူလိုင်လ ၈ ရက်မှာတော့ သူက ယူကရိန်းသို့ လက်နက် ပေးပို့ရေး အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်နဲ့ ဆက်သွယ်မှုတွေ ပိုမိုလုပ်ဆောင်ရေး ညွှန်ကြားထားပြီး အဓိကအားဖြင့် လေကြောင်း ကာကွယ်ရေးစနစ် အပါအဝင် လက်နက် အမျိုးစုံရရှိရေး တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.