ထားဝယ်၊ ဇူလိုင် ၁၀

တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ စစ်ကောင်စီရဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ ဖမ်းဆီးစစ်သားစုဆောင်းခံနေရတယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ထားဝယ်နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ လူငယ်ခုနှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။

ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ဟာ ဖြတ်သန်းသွားလာနေတဲ့ လူငယ်တွေကို အဓိက စစ်ဆေးရေးတင်းကျပ်နေပြီး မထင်ရင်မထင်သလို စစ်မှုထမ်း လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကမြောကင်းတံတားဂိတ်မှာ ဖမ်းဆီးသွားတဲ့ လူငယ်ခုနှစ်ဦးကို မိဘဖြစ်သူတွေက လိုက်လံစုံစမ်းခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက် မသိသလိုဟန်ဆောင်နေပြီးမှ ပုလောမြို့ရှိ တိုင်းဗဟို ၁၂ ကို ပို့ ဆောင်လိုက်ပြီလို့ ပြောပါတယ်။

လက်ရှိမှာလည်း လောင်းလုံးမြို့ပေါ်ရှိ ဒေသခံအများစုဟာ ကမြောကင်းတံတားဂိတ်ကို ဖြတ်သန်းသွားလာဖို့အတွက် လောင်းလုံးမြို့မရဲစခန်းမှ ထောက်ခံစာတွေ ပြုလုပ်သူတွေ များပြားနေပြီး ရဲစခန်းထောက်ခံစာပါမှ တံတားကို ဖြတ်သန်းသွားလာခွင့် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်းထောက်ခံစာပြုလုပ်ရာမှာလည်း စစ်ကောင်စီတပ်သားတွေက သူတို့ မသင်္ကာတဲ့ လူတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိနေတဲ့အပြင် ထောက်ခံစာအတွက် အခကြေးငွေ လက် ဖက်ရည်ဖိုး ကျပ် ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို နေရပ်ပြန်ပို့ခံရတဲ့ လူငယ်အမျိုးသားတွေကို စိတ်ကြိုက်ဖမ်းဆီးနေပြီး စစ်မှုထမ်းအပတ်စဉ်တွေအတွက် လူငယ်တွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သူ ဦးရေ ၁၃၇ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီထဲမှာ ၆၇ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.