ဝေါ်လေ၊ ဇူလိုင် ၅

ထိုင်း-မြန်မာနယ်စပ်နား ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေမြို့အခြေချ စစ်တပ်ဗျူဟာကို အခုရက်ပိုင်းထဲကစလို့ KNLA KNDO ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝေါ်လေမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကုန်းနဲ့ ထီးသဲလယ်ကာကင်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ KNDO တို့က အခုလ ဇူလိုင်အစောပိုင်းရက်တွေက ဝိုင်းရံပိတ်ဆို့ထားပြီး ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ KNLA KNDO ပူးပေါင်းတပ်တွေက ဝေါ်လေဗျူဟာစခန်းကုန်းနဲ့ ထီးသဲလယ်ကာကင်းစခန်းကို ဒရုန်းတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားတစ်ဦး သေဆုံးသွားပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲကြောင့် ဝေါ်လေအပါအဝင် ကျေးရွာတွေအချို့က ဒေသခံပြည်သူ ထောင်ချီ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ထိုင်းနယ်စပ်သတင်းရင်းမြစ်ကလည်း ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာတဲ့ ဝေါ်လေဒေသခံ စစ်ရှောင်ပြည်သူတွေကို ယာယီစစ်ရှောင်စခန်းဆီ နေရာချထားပေးပြီး လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်နေသလို တိုက်ပွဲကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

KNLA KNDO ပူးပေါင်းတပ်တွေဟာ ထိုင်းနယ်စပ်နားမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဝေါ်လေဗျူဟာ၊ ထီးသဲလယ်ကာကင်းစခန်းနဲ့ ဥကရစ်ထစခန်းတို့ ထပ်မံသိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပြီး အဲဒီလက်ကျန်စခန်း ၃ ခုဟာ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့အတွက် စစ်ကောင်စီက မြေပြင်ကနေ စစ်ကူလာရောက်ဖို့ မလွယ်ကူဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေ၊ စုကလိဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA KNDO ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေလပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဘလယ်ဒို၊ သေဘောဘိုး၊ ဝါးမီထ၊ ကနဲလေး၊ မော်ခီး၊ ထီးကပလယ်၊ ဘုရင့်နောင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.