ဘန်ကောက် ဇူလိုင် ၂

လာမယ့် အောက်တိုဘာလမှာ အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ထဲ ဝင်ရောက်မယ့် အစီအစဉ်ကို ထောက်ခံမှာ မဟုတ်ကြောင်း အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံကို မြန်မာစစ်ကောင်စီက တရားဝင် အကြောင်းကြားထားတယ်လို့ အဲဒီအကြောင်းကို သိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တီမောလက်စတေ့လို့ခေါ်တဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းထားတဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာဖို့ ပျက်ကွက်ကြောင်း စစ်ကောင်စီဘက်ကနေ အာဆီယံ ဥက္ကဌဆီ မကြာသေးခင်က အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ အရှေ့တီမောအနေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပဋိပက္ခစေတာ ဒါမှမဟုတ် ဆန့်ကျင်ထားတဲ့ အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံနေတာမျိုး ရှောင်ကြည်ပေးဖို့ စစ်ကောင်စီက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အဲဒီ အဖွဲ့တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီကို လက်ရှိတိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ပါဝင်ကြပါတယ်။

အာဆီယံ-မြန်မာ အထွေထွေ အကြီးတန်း အရာရှိများ အစည်းအဝေး SOM ခေါင်းဆောင် ဦးဟန်ဝင်းအောင် လက်မှတ် ရေးထိုးထားတဲ့ စာထဲမှာ အရှေ့တီမောအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပါက အာဆီယံ အဖွဲ့ဝင်အဖြစ် တီမောလက်စ်တေ့ကို ပေးအပ်ဖို့ ထည့်သွင်း စဉ်းစားမည်ကို ပြတ်ပြတ်သားသား ပယ်ချရမယ်လို့ ဖော်ပြထားပါတယ်။

မေလမှာ ကျင်းပခဲ့တဲ့ အာဆီယံဆက်စပ် ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေက လာမယ့် အောက်တိုဘာလ နှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၁၁ ခုမြောက် အဖွဲ့ဝင်အဖြစ် တီမောလက်စတေ့ကို ဝင်ခွင့်ပြုဖို့ သဘောတူထားခဲ့ကြတာပါ။

အရှေ့တီမောဝင်ခွင့်အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ဖို့ သက်ဆိုင်ရာ အရာရှိတွေကိုလည်း တာဝန်ပေးထားကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

အရှေ့တီမောနိုင်ငံအနေနဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒကို ပြန်လည်ပြင်ဆင်ဖို့ ပြတ်ပြတ်သားသား ကတိကဝတ်မပြုမချင်း ဆက်စပ် လုပ်ထုံးလုပ်နည်းဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေ အားလုံးကို ဆိုင်းငံ့ထားဖို့ အာဆီယံ ဥက္ကဌနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို စစ်ကောင်စီက တိုက်တွန်းထားတဲ့အကြောင်း Thai PBS World ကမြင်တွေ့လိုက်ရတဲ့ စာထဲမှာ ရေးသားပါတယ်။

ပြီးခဲ့တဲ့ မေလမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟမ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့သလို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် NUG ခေါင်းဆောင်တွေနဲ့ ဗီဒီယို ကွန်ဖရင့်ကနေ တွေ့ဆုံထားပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုက NUG နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုအကြား လူသိရှင်ကြား အသိအမှတ်ပြု တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

လာမယ့် ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမယ့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးအတွင်း စစ်ကောင်စီဘက်က ထောက်ခံမှုကို ရယူဖို့ ကြိုးစားရမှာဖြစ်သလို အရှေ့တီမောကို ကြိုဆိုရတဲ့ သိမ်မွေ့တဲ့လုပ်ငန်းတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ထိပ်သီးအစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ် နိုင်ငံရေးဌာနအမြဲတမ်းလက်ထောက် ဦးအောင်ကျော်မိုးကတော့ အခုလို အရှေ့တီမော အဖွဲ့ဝင်အဖြစ်ဝင်မယ့် ကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးတာ မရှိခဲ့ပါဘူး။

Ref:ThaiPBS
ဓာတ်ပုံ – အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟိုတားနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့စဉ် (ပုံဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.