ဝါရှင်တန်၊ ဇူလိုင် ၂
ရုရှားက ယူကရိန်းကို တိုက်ခိုက်မှု အရှိန်မြှင့်နေချိန်မှာ ယူကရိန်း အတွက် လက်နက်ပေးပို့မှု တချို့ကို ရပ်ဆိုင်းထားလိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
တခြားနိုင်ငံတွေအတွက် အမေရိကန်ရဲ့ စစ်ရေး အကူအညီပေးမှုတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည် သုံးသပ်ပြီးနောက် အမေရိကန် အကျိုးစီးပွား ပထမဦးစားပေးရေး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီက ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်တာပါ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်က ယူကရိန်းအတွက် ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်နက်တွေ ပေးပို့ ကူညီထားပါတယ်။
ထရန့်အစိုးရအဖွဲ့ထဲက တချို့သော ပုဂ္ဂိုလ်တွေက အမေရိကန်ရဲ့ လက်နက် သိုလှောင်သိမ်းဆည်းထားမှု လျော့ကျသွားမှာကို စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။
အမေရိကန်ရဲ့ အခုလို ကြေညာချက်နဲ့ ပတ်သက်လို့ ယူကရိန်းအစိုးရက မှတ်ချက် မပေးသေးပါဘူး။

လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေနဲ့ ပစ်မှတ်တွေကို အတိအကျ ပစ်ခတ်နိုင်တဲ့ လက်နက်ခဲယမ်းတွေဟာ အမေရိကန်က ပေးပို့မှု ရပ်ဆိုင်းလိုက်တဲ့ လက်နက်တွေထဲမှာ ပါဝင်တယ်လို့ ယူဆရပါတယ်။
ဥရောပရဲ့လုံခြုံရေးကို အဓိက တာဝန်ယူပေးသူ အနေအထားကနေ အမေရိကန် နောက်ဆုတ်သွားချိန်မှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေက သူတို့နိုင်ငံ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးနဲ့လုံခြုံရေးအတွက် သုံးစွဲသွားမယ်လို့ ကတိပြုထားပါတယ်။
ဒီအတောအတွင်း ရုရှားက ယူကရိန်းရဲ့ တည်နေရာ အများအပြားကို မတူညီတဲ့ လက်နက် အမျိုးအစား ၅၀၀ ကျော်နဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။
လက်ရှိမှာ ရုရှားဟာ ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယား ဒေသ အပါအဝင် ယူကရိန်း နယ်မြေ ၂၀ ရာခိုင်နှုန်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
Ref:BBC