မော်လမြိုင်၊ဇူလိုင် ၂

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဟာ မွန်ပြည်နယ်ရဲ့ မော်လမြိုင်မြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ပါတီရုံးခန်းဖွင့်လှစ်လိုက်ပြီလို့ ပါတီဘက်က အသိပေးထုတ်ပြန်ပါတယ်။

ကျားဖြူပါတီဟာ ကျိုက်ထိုမြို့နယ်မှာ ဇွန် ၂၅ ရက်နေ့၊ မော်လမြိုင်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့က မြို့နယ်ပါတီရုံးတွေ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်ရဲ့ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နဲ့ပေါင်မြို့နယ်တို့မှာလည်း မကြာမီကာလအတွင်း ကျားဖြူပါတီရုံးခန်းတွေ ထပ်မံဖွင့်လှစ်သွားမယ်လို့ ကြေညာထားပါတယ်။

ကျားဖြူပါတီဟာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် ပါတီမှတ်ပုံတင်ရရှိခဲ့တာပါ။

အဲဒီနောက် ကျားဖြူပါတီဟာ နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၁၃၀ ထက်မနည်း ပါတီရုံး ဖွင့်လှစ်ထားပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာလည်း ပါတီရုံးခန်း ဖွင့်လှစ်ဖို့ ကြိုးပမ်းလာပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ပါတီလို့ အမည်ပြောင်းလဲထားတဲ့ ကျားဖြူပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ၂၀၁၅နဲ့ ၂၀၂၂ အထွေထွေရွေးကောက်ပွဲတို့မှာ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့တာပါ။

ဒါပေမယ့် ကျားဖြူပါတီဟာ စစ်အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့ပြီး ဝန်ကြီးနဲ့ဒုဝန်ကြီး ခြောက်ဦးအထိ နေရာရရှိခဲ့ပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကတော့ ရွေးကောက်ပွဲမှာ ဥပဒေအရ တယောက်ထဲ မဲလာပေးရင်တောင် ရွေးကောက်ပွဲ အထမြောက်တယ်လို့ ပြီးခဲ့တဲ့ မေလတုန်းက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ကျားဖြူပါတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.