နေပြည်တော် ၊ ဇူလိုင် ၂

မြန်မာစစ်အုပ်စုရဲ့ မိတ်ဘက်နိုင်ငံတွေထဲက ဘယ်လာရုစ်နိုင်ငံအစိုးရဟာ မြန်မာစစ်တပ်နဲ့ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ Justice For Myanmar က ဇွန် ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ဘယ်လာရုစ်အစိုးရက မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီး စစ်အုပ်စုရဲ့ စစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်က စစ်ဘက်ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးနေတာလို့ ဆိုပါတယ်။

မြန်မာ့လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာနဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာတွေ လွှဲပြောင်းရောင်းချမှုတွေကို အတည်ပြုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါဟာ လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာ့လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ဘယ်လာရုစ် အာဏာပိုင်တွေအကြား ပေးစာအရ စစ်ဘက်ဆိုင်ရာပူးပေါင်းမှုရဲ့ အထောက်အထားအသစ်တွေကို Justice For Myanmar ရဲ့ သုတေသနမှာ ဖော်ထုတ်ထားတာပါ။

မြန်မာစစ်အုပ်စုအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT) ကတဆင့် ရောင်းချထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစနစ်မှာ တော်လှန်ရေးအင်အားစု‌တွေ အသုံးပြုတဲ့ ဒရုန်းတွေအပါအဝင် ဝေဟင်ရှိအရာဝတ္ထုတွေ ရှာဖွေနိုင်ပြီး ပစ်မှတ်တွေကို အလိုအလျောက် ခြေရာခံလိုက်နိုင်ဖို့ “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်နဲ့ Vostok သုံးဘက်မြင် ရေဒါနည်းပညာတို့ ပါဝင်ပါတယ်။

ဘယ်လာရုစ်တက္ကသိုလ် BSUIR မှာ ကျောင်းတက်နေတဲ့ မြန်မာဝန်ထမ်းတွေလည်း လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်းနီးယားရင်းပညာရပ်တွေမှာ သုတေသနတွေ လုပ်ဆောင်နေတယ်လို့ Justice For Myanmar က‌ ဖော်ပြထားတာပါ။

အဲဒီကျောင်းသားတွေဟာ နေပြည်တော်ရှိ အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ မန္တလေးရှိ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းတို့အပါအဝင် အရေးပါတဲ့ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံတွေနဲ့ ဆက်နွှယ်နေသူတွေ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေတပ်ဟာ အရပ်သားပြည်သူတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်မှုတွေကို ဖြစ်စေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ မြို့တော် မင့်ဇ်သို့ နှစ်ကြိမ် သွားရောက်ထားပြီး ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဘယ်လာရုစ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို တိုးမြင့်လာစေခဲ့တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာ စစ်ခေါင်းဆောင်က ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ EAEU မှာ မိသားစု အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့ များစွာ စိတ်အားထက်သန်နေတယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဘယ်လာရုစ်သမ္မတနဲ့ သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ကျန်းမာရေး၊စီးပွားရေးအတွက် မြန်မာနိုင်ငံမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ဘယ်လာရုစ်က စီစဉ်နေသလို စစ်ခေါင်းဆောင်ကလည်း နယ်ပယ်ပေါင်းစုံ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ဝါဒဖြန့် သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Justice For Myanmar ရဲ့ အချက်အလက်တွေအရ ဘယ်လာရုစ် စစ်လက်နက်စက်ရုံတွေ၊ စစ်ဘက်အင်ဂျင်နီးယားရင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေရှိတဲ့ တက္ကသိုလ်တွေက ကိုယ်စားလှယ်တွေဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ပြီး စစ်အုပ်စုအတွက် တိုက်ရိုက်အသုံးချနိုင်တဲ့ မြန်မာတက္ကသိုလ်တွေနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြတာပါ။

ဒါကြောင့် မြန်မာစစ်ဘက်ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ တက္ကသိုလ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့အပါအဝင် ဘယ်လာရုစ်နိုင်ငံနဲ့ စစ်လက်နက်ကုန်သွယ်မှုမှာ ပါဝင်ခဲ့တဲ့ မြန်မာစစ်လက်နက်ပွဲစားတွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း အဆိုတင်သွင်းရာမှာ နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်၊ ရုရှား၊ အိန္ဒိယတို့က ကြားနေခဲ့ကြပေမယ့် ဘယ်လာရုစ်နိုင်ငံကတော့ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Justice For Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.