နောင်ချို၊ ဇူလိုင် ၂
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဆုံးဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင် ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ်၊ စုစုပေါင်းဗုံး ၁၁ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ကျေးရွာနေ အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား လေးဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၄ လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်ကြီးကျောင်း နှစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA