မော်လမြိုင်၊ ဇူလိုင် ၂

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇွန် ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး၂၃ ဦးနဲ့ အမျိုးသား ၄၅ ဦး ၊ စုစုပေါင်း ၆၈ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာပါ။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၉ ဦးပါဝင်ပြီး သေဆုံးသူတွေအနက် စစ်ကိုင်းတိုင်းမှာ ၁၇ ဦးနဲ့ သေဆုံးသူအများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ၃၆ ဦးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီကာလအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အတည်ပြုရန်လိုအပ်နေဆဲဖြစ်တဲ့ သေဆုံးသူအရပ်သား ၈၀ ဦးရဲ့ စာရင်းကိုလည်း သီခြားကောက်ယူထားပြီး အတည်ပြုနိုင်ဖို့ ဆောက်ရွက်နေတယ်လို့ AAPP က ဆိုပါတယ်။

AAPP ရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေးတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၆၈၄၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.