ဘေဂျင်း၊ ဇူလိုင် ၂
ကမ္ဘာမှာ ဒုတိယအကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ ငွေဖောင်းပွမှု လျှော့ချရေး ဖိအားတွေကို ပြေလည်စေဖို့ အသည်းအသန် ကြိုးပမ်းနေရချိန်မှာ တရုတ်ကုမ္ပဏီတွေရဲ့ ပြင်းပြင်းထန်ထန် စျေးနှုန်းလျှော့ချမှုတွေအပေါ် ဥပဒေစည်းကြပ်မှု အရှိန်မြှင့်သွားမှာ ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တွေက ဇူလိုင် ၁ ရက်မှာ ကြွေးကြော်လိုက်ကြပါတယ်။
တရုတ် ထုတ်လုပ်သူတွေကြား စွမ်းပကား ပိုလျှံမှုနဲ့ ကုန်စည် ရှင်းထုတ်ရေး စျေးနှုန်း လျှော့ချမှုကြောင့် ကုန်စျေးနှုန်း စစ်ပွဲတွေ ဖြစ်ပေါ်လာရတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

အခုလို အခြေအနေကြောင့် ဒေါ်လာ ၁၉ ထရီလီယံ တန်ဖိုးရှိ စီးပွားရေး တည်ငြိမ်ဖို့ ကြိုးပမ်းမှုတွေ အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပုံမှန်မဟုတ်တဲ့ စျေးနှုန်း လျှော့ချမှုတွေကို စည်းကမ်းဥပဒေအတိုင်း ကြပ်မတ် ထိန်းချုပ်ရမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးနဲ့ စီးပွားရေး ဗဟို ကော်မရှင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာ သတင်းက ဖော်ပြထားပါတယ်။

အဲဒီကော်မရှင်ဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း စီးပွားရေး မူဝါဒဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်တိုးမြှင့် ကောက်ခံမှုတွေနဲ့ အတူ တရုတ် စီးပွားရေးလုပ်ငန်းတွေ စားသုံးသူများအား ဆွဲဆောင်ရေး စျေးနှုန်း အပြိုင်အဆိုင် လျှော့ချ ရောင်းချနေကြပါတယ်။
ဒီလို လုပ်ဆောင်ကြတာဟာ ပြည်တွင်းဝယ်လိုအား ကျဆင်းနေတာနဲ့လည်း သက်ဆိုင်နေပါတယ်။
တရုတ် စီးပွားရေးလုပ်ငန်းတွေရဲ့ အပြိုင်အဆိုင် စျေးနှုန်း လျှော့ချမှုကြောင့် စျေးနှုန်းလျှော့ချမှု သံသရာလည်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
Ref:Reuters