ရေး၊ ဇူလိုင် ၁
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၄၃ ခြေမြန်တပ်ရင်း စခန်းကုန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အဲဒီစခန်းကုန်းကို ဒီကနေ့ ဇူလိုင် ၁ ရက်နေ့ မနက် ၅ နာရီကျော်အချိန်လောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအချိန် ၄၅ မိနစ်အကြာ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း ရေးဘီလူးအဖွဲ့က ရဲဘော် ထက်မြတ်မောင် (ခေါ်) အသေးလေး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီစခန်းကုန်းကို ရေးဘီလူးအဖွဲ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် စခန်းသိမ်းတိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်အချို့ အာယုတောင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာတွေ ရှိပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ခမရ ၃၄၃ တပ်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးဘူး။
ရေဘီလူးအဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူးအဖွဲ့