ပုလော၊ ဇွန် ၂၈

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး သုံးဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

အင်အား ၁၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ကျောက္ကာကျေးရွာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို မနေ့ ဇွန် ၂၇ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စခန်းမှာရှိနေတဲ့ ပျူစောထီးတွေဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံကနေ M16A1 ရိုင်ဖယ် ၄ လက်၊ AK47 ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၁၁၃၈ တောင့်၊ လက်ပစ်ဗုံးနှစ်လုံးနဲ့ အခြားစစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ အရင်က ကျောက္ကာပင်လယ်ပြင်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောနှစ်စီး ဒါမှမဟုတ် သုံးစီး တပ်စွဲထားလေ့ရှိပေမယ့် မနေ့ကတော့ စစ်သင်္ဘောတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ စစ်ကောင်စီရဲ့ ထီးခီးတပ်စခန်းနဲ့ ထီးထဗျူဟာစခန်းတွကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ်ပူး ပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.