ဘရပ်ဆဲလ်၊ ဇွန် ၂၇
ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ယူကရိန်းက ဆက်လက် တိုက်ခိုက်နိုင်ရေး အမေရိကန်အပါအဝင် နေတိုးအဖွဲ့ တစ်ဖွဲ့လုံးက လုံးဝ ကတိပြုထားကြောင်း မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူတီက ဇွန် ၂၅ ရက် ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောပါတယ်။
သည်ဟေ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ နေတိုးခေါင်းဆောင်များ ညီလာခံအပြီး ပြောကြားရာမှာ အတွင်းရေးမှူးချုပ် မက်ရူတီက ရုရှားနဲ့ ပတ်သက်လို့ မဟာမိတ်အဖွဲ့မှာ တုံးအသူ တစ်ယောက်မှမရှိကြောင်းနဲ့ ရုရှားအပေါ် အဖွဲ့ဝင်အားလုံး ထားရှိတဲ့ သဘောထားက အတူတူပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားအပေါ် သဘောထား ပိုပျော့ပျောင်းတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ သဘောထားကြောင့် ယူကရိန်းအတွက် အမေရိကန်ရဲ့ ကတိပြုမှုနဲ့ ပတ်သက်လို့ သံသယတွေ ထွက်ပေါ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိစေရေး ယူကရိန်းအနေနဲ့ ဆက်လက် တိုက်ပွဲဝင်နိုင်စေဖို့ မဟာမိတ်အဖွဲ့ဝင် အားလုံးက ကတိပြုထားပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ဒါမှမဟုတ် အပစ်ရပ် သဘောတူညီမှုတွေဟာ ရေရှည်အတွက် ခိုင်မာရမယ်လို့ မက်ရူတီက ပြောပါတယ်။

အမေရိကန်က အရင်ကအတိုင်း ယူကရိန်းနဲ့ ထောက်လှမ်းရေးသတင်းတွေ ဆက်လက် ဝေမျှပေးသွားမှာ ဖြစ်ပြီး လေကြောင်း လက်တွေ့ကျတဲ့ စစ်ရေး အကူအညီတွေ ဆက်လက် ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။
အမေရိကန်က ယူကရိန်းအတွက် ပေးပို့မယ့် စစ်ရေး အကူအညီတွေမှာ လေကြောင်းကာကွယ်ရေးစနစ်တွေလည်း ပါဝင်နိုင်တယ်လို့ ရူတီက ပြောပါတယ်။
ဥရောပနိုင်ငံတွေအနေနဲ့ လုံခြုံရေးအတွက် အမေရိကန်ကို အားကိုးနေတာထက် ကိုယ့်အားကိုယ်ကိုးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နေတိုးအဖွဲ့ဝင်တွေက သူတို့နိုင်ငံ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် သုံးစွဲသွားဖို့နဲ့ ယူကရိန်းကို စစ်ရေးအကူအညီ ပိုပေးဖို့ ကတိပြုထားပါတယ်။
Ref:Reuters