ဖနွမ်းပင်၊ ဇွန် ၂၇
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ မိမိကို သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး သူ့ရဲ့ ထိုင်း နန်းတော်အပေါ် သစ္စာဖောက်မှုအပါအဝင် သူ့ရဲ့ သစ္စာဖောက်တဲ့ လုပ်ရပ်တွေကို ဖွင့်ချမယ်လို့ သတိပေးလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ တချိန်က သူ့ရဲ့ ခေါင်းကိုင်မိဘတွေရဲ့သားနဲ့ သူ့ရဲ့ ညီအစ်ကို တော်သူလို့ ညွှန်ဆိုခဲ့ဖူးတဲ့ သက်ဆင်ကိုပြောင်ပြောင်တင်းတင်း သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရင်ဆုံး ထိုင်းအစိုးရရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်သွားမယ်လို့ ဟွန်ဆန်က ပြောပါတယ်။
တခြားလူတွေကို အရင်ဆုံး မိမိအပေါ် သစ္စာဖောက်ခွင့် ပြုကောင်းပြုမှာ ဖြစ်ပေမယ့် မိမိကတော့ တခြားလူတွေအပေါ် အရင်ဆုံး သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ဟွန်ဆန်က ပြောပါတယ်။
အခုတော့ မိမိအနေနဲ့ သစ္စာဖောက်ခံနေရပြီး သက်ဆင် မိသားစုက သူတို့ရဲ့ နိုင်ငံအပေါ် သစ္စာဖောက်မှုကို ဖွင့်ချမှဖြစ်မယ်လို့ ခံစားရနေရကြောင်း ဟွန်ဆန်က ပြောပါတယ်။
အခုပြောဆိုနေတာတွေက သတိပေးတာဖြစ်ပြီး သက်ဆင်အနေနဲ့ ကိုယ့်သားသမီးတွေကို ဆုံးမ သွန်သင်သင့်ကြောင်း၊ သူ့တို့ရဲ့ ဖခင်နဲ့ တခြားလူတွေ အကြောင်းကို သက်ဆင်သားသမီးတွေ နားလည်ထားသင့်တယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။

သူက ပရီယာဗီဟီယာ ပြည်နယ်မှာ ဇွန် ၂၆ ရက်က တိမ်းရှောင်နေရသူတွေကို ပြောကြားရာမှာ အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေက ငြိမ်းချမ်းမှုကို လိုလားကြတယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ထိုင်းကြား အဆင်ပြေလိုက်၊ မပြေလိုက် ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ ဇွန် ၂၇ ရက်မှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖို့ စီစဉ်ထားပြီး နှစ်နိုင်ငံဆက်ဆံရေး သဘောသဘာဝကို နားလည်အောင် လုပ်မယ်လို့ ဟွန်ဆန်က ပြောပါတယ်။
သက်ဆင်တို့မိသားစု အာဏာရလာတဲ့ တစ်ခဏမှာ အရင်လို မဟုတ်တော့ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာ ဝါထရာကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။
သက်ဆင်အနေနဲ့ မောက်မောက်မာမာတွေ လုပ်နေမယ်ဆိုရင် ထိုင်းဘုရင့်အပေါ် စော်ကားမှုတွေအပါအဝင် အားလုံးကို ဖွင့်ချပစ်မယ်လို့ ဟွန်ဆင်က သတိပေးထားပါတယ်။
သက်ဆင်ရဲ့ မိသားစုဟာ မိမိအပေါ် ကျေးဇူးကြွေးရှိနေပေမယ့် မိမိအနေနဲ့ ပြန်ရဖို့ မကြိုးစားဘူးလို့လည်း သူက ပြောပါတယ်။
သက်ဆင်မိသားစုနဲ့ ဟွန်ဆန်တို့ မိသားစုဟာ တချိန်က အရမ်း ရင်းနှီးခဲ့ကြတာပါ။
သက်ဆင်နဲ့ သူ့ညီမ ဝန်ကြီးချုပ်ဟောင်း ယင်လတ်တို့ နှစ်ယောက်စလုံး ဟွန်ဆန်ရဲ့ အိမ်မှာ တည်းခိုခဲ့ဖူးပါတယ်။
ပေသွန်ထန်အနေနဲ့ ကမ္ဘောဒီးယားနဲ့ လက်ရှိ ဖြစ်နေတဲ့ ပြဿနာ ပြေလည်အောင် ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟွန်ဆန်က ပြောပါတယ်။
ထိထိရောက်ရောက် ဆွေးနွေးနိုင်တဲ့ အခွင့်အာဏာအနေနဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် အာဏာရပါတီရဲ့ နောက်ကွက်မှာ တစ်ယောက်ယောက်ရှိနေသလား စစ်တပ်ရှိနေတာလား နိုင်ငံရေးပါတီ တစ်ခု ရှိနေတာလား မသိဘူးလို့ သူက ဆိုပါတယ်။
ကမ္ဘောဒီးယားအနေနဲ့ ထိုင်းကို ရန်သူလို့ မရှုမြင်ဘဲ ရှပ်ဝါပဲ ဖြစ်ဖြစ် ရှပ်နီပဲ ဖြစ်ဖြစ် ဘယ်သူနဲ့မဆို မိမိတို့ ဆွေးနွေးမယ်လို့ ဟွန်ဆန်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref: THE PHNOM PENH POST/ASIA NEWS NETWORK