မန္တလေး၊ ဇွန် ၂၇
ဖမ်းဆီးအကျဉ်းချခံနေရတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ အိုးဘိုအကျဉ်းထောင်မှာ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဒီကနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အသက် ၆၉ နှစ်အရွယ် လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဒီကနေ့ ဇွန် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ပန်းနာရင်ကြပ်ရောဂါနဲ့ အမောဖောက်ရောဂါကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
PPNM ရဲ့ ထုတ်ပြန်ချက်အရ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ရုတ်တရက် အမောဖောက်လာတာကြောင့် ထောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ နာရီပိုင်းအကြာမှာ ဆုံးပါးသွားခဲ့တာပါ။
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ကျန်းမာရေးအခြေအနေအရ အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ ပြင်ပဆေးရုံသို့ အချိန်မီ ဆေးကုသမှုမခံယူနိုင်တာကြောင့် သေဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားတဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ပုသိမ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media