ကျောက်ကြီး၊ ဇွန် ၂၇

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အမှတ် ၂ စစ်ဒေသခွဲ (JOC) ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ကျန်တဲ့စစ်ကောင်စီတပ်သားတွေဟာ အထိအခိုက်များတာကြောင့် ကစဉ့်ကလျား ထထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ ၂၈ လက်၊ ခဲယမ်းတွေနဲ့ အခြား စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်ရှင်းနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈၊ တပ်ရင်း ၉ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်၂၅ ရက်နေ့ကလည်း ပဲခူတိုင်း ညောင်လေးပင်ခရိုင် အတွင်းရှိ ရန်ကုန် မန္တလေးအမြန်လမ်းဟောင်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၉ ခု ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.