မော်စကို၊ ဇွန် ၂၆

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်း ထုတ်ထားတာကြောင့် သူ့အနေနဲ့ လာမယ့် သီတင်းပတ် ဘရာဇီးမှာ ကျင်းပမယ့် BRICS ညီလာခံသို့ တက်ရောက်မှာ မဟုတ်ကြောင်း ကရင်မလင် နန်းတော် နိုင်ငံခြားမူဝါဒ အရာရှိ ယူရီ ချာကော့ဗ်က ပြောလိုက်ပါတယ်။

ယူကရိန်းကို ရုရှားက အင်အားအပြည့်အဝနဲ့ စတင် ကျူးကျော်ပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ ICC က ပူတင်ဟာ ယူကရိန်း ကလေးငယ်ရာပေါင်းများစွာကို သူတို့ သဘောဆန္ဒမပါဘဲ ပို့ဆောင်မှုအတွက် စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှားက ပယ်ချထားပြီး ICC သဘောတူညီမှုကို လက်မှတ် မထိုးထားတဲ့ ကရင်မလင် နန်းတော်က ဖမ်းဝရမ်း အကျုံးမဝင်ဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ ပူတင်အနေနဲ့ ICC သဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ တခြား နိုင်ငံတစ်နိုင်ငံသို့ သွားမယ်ဆိုရင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကို တွက်ချက်စဉ်းစားရမှာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ပူတင်က အဲဒီလို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ တောင်အာဖရိကသို့ BRICS ညီလာခံသွားတက်ခဲ့ပါတယ်။

မွန်ဂိုးလီးယားဟာ ICC သဘောတူညီမှု လက်မှတ်ထိုးထားတဲ့နိုင်ငံ ဖြစ်ပေမယ့် ပူတင်ကို ပြီးခဲ့တဲ့နှစ်က ကော်ဇောနီ ခင်းပြီး ကြိုဆိုခဲ့ပါတယ်။

ဘရာဇီးမှာ ဇူလိုင် ၆ ရက်နဲ့ ၇ ရက် ကျင်းပမယ့် BRICS ညီလာခံကို ပူတင် အွန်လိုင်းက ပါဝင်သွားမယ်လို့ ကရင်မလင် နန်းတော်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ သမ္မတ ပူတင် ပါဝင်ရေး ရှင်းလင်းတဲ့ အခြေအနေမျိုးကို ဘရာဇီးအစိုးရ မလုပ်ဆောင်ပေးနိုင်ဘူးလို့ ကရင်မလင် နန်းတော်က ပြောပါတယ်။

ရုရှား ကိုယ်စားပြုအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ ဘရာဇီးသို့ သွားရောက်မှာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း ဘရာဇီးမှာ ကျင်းပမယ့် အဲဒီညီလာခံသို့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.