ပဲခူး၊ ဇွန် ၂၆
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
မနေ့ ဇွန် ၂၅ ရက်နေ့ မနက်အစောပိုင်းကစလို့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်တွေ အခြေချတပ်စွဲထားတဲ့ စခန်း ၉ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော PDF စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံပန်း ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ NUG က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ကြီး၊ လက်နက်ငယ်အစုံ ၁၆ လက်နဲ့ ခဲယမ်းတွေ စစ်သုံးပစ္စည်းအမြောက်အအများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာန (ပဲခူး)က ပဲခူးတိုင်းအတွင်းမှာ စစ်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG