“၁၈ ရွာ တိမ်းရှောင်နေရတယ်။ တစ်သောင်းဝန်းကျင်လောက်ကသူ့ဆွေမျိုးနီးစပ်အိမ်မှာနေကြတယ်။ အဆင်မပြေတဲ့ လူတန်းစားက အတော်ကို အခက်တွေ့နေရတယ်။ ကာကွယ်ရေးအဖွဲ့တွေက ဝေခြမ်းနေရတယ်” – ဒေသခံတစ်ဦး
မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကနေ မေလ ၂၈ ရက်ကထွက်လာတဲ့ အင်အား ၈၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ ယာဉ်အစီးရေ ၁၂၀ တို့ဟာ တစ်လ နီးပါးကြာမြင့်သည်အထိ ကမ္မမြို့မှာပဲရှိနေဆဲဖြစ်ပါတယ်။
ဒီယာဉ်တန်းတွေဟာ ပေါက်မြို့နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာတွေနဲ့ ကပစ တချို့ကို ဖြန့်မယ်လို့ ယူဆရပါတယ်။ ၄ နာရီသာကြာမြင့်မယ့်ခရီးကို ဘာကြောင့် ကြန့်ကြာနေရတာလဲ ဒေသခံပြည်သူတွေ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲဆိုတာ ဒေသခံတစ်ဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – လက်ရှိ ပခုက္ကူ၊ ကမ္မကနေ ထွက်လာတဲ့ ယာဉ်တန်းအခြေအနေလေး သိချင်ပါတယ်။
ဖြေ – ပခုက္ကူကနေ ပေါက်ဘက်ကို ထွက်လာတဲ့ယာဉ်တန်း ကမ္မ ကြားပဲရှိသေးတယ်။ ဒီနေ့ (ဇွန် ၂၄) စတင်လှုပ်ရှားတယ်လို့ သိရတယ်။
မေး – အဲဒီယာဉ်တန်းက ဘယ်လောက်ကြာပြီလဲ။
ဖြေ – မေ၂၇ ရက်ကတည်းကနေ ပခုက္ကူကနေ စစ်ကြောင်းစထွက်တာပေါ့နော်။ ကမ္မကိုရောက်တယ်။ ၂၈ ရက်နေ့မှာ ပေါက်မြို့နယ်ကို ရောက်တယ်။ အဲဒီကနေစ စစ်ကြောင်းထွက်ပြီးမှ ၂၉ ရက်နေ့မှ ယာဉ်တန်းထွက်လာတာ။ အခုထက်ထိ ကမ္မမှာရှိနေတာ။
မေး – ယာဉ်တန်းတလျှောက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဘယ်နှစ်ကြိမ် ဖြစ်ပွားပြီးပြီလဲ။
ဖြေ – ကာကွယ်ရေးအဖွဲ့တွေနဲ့ထိတွေ့တာ လေးကြိမ်ရှိပြီ။
မေး – တိုက်ပွဲ ၄ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်တဲ့အခြေအနေ ဘယ်လိုရှိလဲ။ ကာကွယ်ရေးအဖွဲ့တွေဘက်ကရော ထိခိုက်တာ ရှိလား။
ဖြေ – ပထမဆုံးဖြစ်တဲ့ သုံးကြိမ်မှာ ဒရုန်းနဲ့ချတာတွေ ချောင်းပစ်တာတွေကနေ စစ်ကောင်စီဘက်ကတော့ ပျှမ်းမျှအားဖြင့် ငါးယောက်ထိတယ် သိရတယ်။ သေဆုံးကိုတော့ မသိရဘူး။ အချိန်ကြာကြာ ၁ နာရီလောက်ဖြစ်ခဲ့တဲ့ ပွဲမှာ ထိတွေ့မှုမှာတော့ စစ်ကောင်စီဘက်က ၂၀ ဝန်းကျင် ကျတယ်။ ကိုယ့်ဘက်က ငါးယောက်ကျတယ်။ သူ့ဘက်က ၂၀ ဝန်းကျင်ပေါ့ မျက်မြင်ပေါ့။
မေး – ယာဉ်တန်းရဲ့ ရည်ရွယ်ချက် ဘယ်ကိုသွားမယ်လို့ ခန့်မှန်းထားတာ ရှိလဲ။
ဖြေ – ပေါက်မြို့နယ်မှာ အခြေပြုတဲ့ ကပစတွေနဲ့ ပျူရွာတွေပေါ့ ပျူရွာတွေဆို ရိက္ခာပြတ်နေတာ ပျူရွာတွေကို ရိက္ခာပို့မယ်ဆိုပြီး ထွက်ခွာနေတာ တွေ့ရတယ်။
မေး – သူတို့ရဲ့ ခရီးက ထင်သလောက် မရောက်တဲ့ အနေအထားမျိုးလား။ အရင်နှစ်နဲ့ ဒီနှစ် ယာဉ်တန်းထွက်တဲ့အထဲ မတူတာက ဘာဖြစ်မလဲ။
ဖြေ – အင်အား ၈၀ ခန့်က ပြန်ကူရတဲ့ အနေအထား အဆင့်ကို ဖြစ်ခဲ့တယ်။ အဲဒီကြားထဲ တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တယ်။ ရှေ့မတိုးနိုင်ဖြစ်သွားတယ်။ ရှေ့ရောက်ပြီးသား စစ်ကြောင်းက နောက်ကိုဆုတ်ရတဲ့ အနေအထားကို ဖြစ်သွားတယ်။
မေး – လေယာဉ်တိုက်ခိုက်မှုတွေ ပြည်သူတွေရဲ့ ထိခိုက်မှု အခြေအနေကရော ဘယ်လိုရှိလဲ။ ကာကွယ်ရေးအဖွဲ့တွေဘက်က အရင်နှစ်နဲ့ ဒီနှစ်မှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တားဆီးမှုက ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ – အရင်နှစ်တွေက ခြောက်လတစ်ကြိမ် ငါးလတစ်ကြိမ် ရိက္ခာပို့တာတွေ လုပ်တယ်။ အနည်းဆုံးတော့ လေးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ပို့လေ့ရှိတယ်။
ကျွန်တော်တို့ဘက်မှာ စစ်ကြောင်းကို တစ်ကြိမ်တစ်ခါ အသုံးပြုတာမဟုတ်ဘူး။ အကြိမ်ကြိမ်အခါခါ အသုံးပြုလာတာမျိုး အရင်တခါတွေနဲ့ မတူတာမျိုးပေါ့။ စစ်ကြောင်းရှိတဲ့ နေရာမှာ နေ့စဉ် ရက်ဆက်သုံးလာတာမျိုး အဲဒီလိုမျိုးတော့ ထူးခြားတာ ရှိတာပေါ့။
မေး – စစ်ဘေးရှောင်ရွာနဲ့ ပြည်သူအရေအတွက်ကရော ဘယ်လောက်ရှိနေလဲ။
ဖြေ – (ဇွန်) ၆ ရက်နေ့ကျမှ လေယာဉ်စသုံးတာပေါ့။ အခုထိနေ့စဉ်ရက်ဆက်လိုသလို သုံးနေတာပေါ့။ အခုချိန်ထိ ပြည်သူ ၄၀ ဦးဒဏ်ရာရပြီး ၁၃ ဦးသေဆုံးတယ်လို့ သိရတယ်ခင်ဗျ။ ဂျက်ကတော့ တခါတခါမှ လာပစ်တာမျိုးတွေ ရှိတယ်။ ၂၀၂၃-၂၄ မှာတော့ ကြီးကြီးမားမား တစ်ကြိမ် လာပစ်တာရှိတယ်။
ထိတွေ့တိုက်ပွဲဖြစ်မယ် သတင်းကြားရင် ထိတွေ့တိုက်ပွဲအဖြစ်မခံဘဲ လေယာဉ်နဲ့တောက်လျှောက်သုံးနေတာ သူတို့က။ အဲဒီတော့ တိုက်ပွဲဖော်ဆောင်ဖို့ အရမ်းကို ခက်ခဲတယ်။ စစ်ဘေးရှောင်တွေကို ကာကွယ်ရေးအဖွဲ့တွေက ပြန်လည်ထောက်ပံ့ရတဲ့ အနေအထားတွေဖြစ်လာတယ်။
ပုံမှန်ဆိုရင် ရပ်ရွာနဲ့ဝေးတဲ့ တောတောင်တွေမှာ ရှောင်ကြတာများတယ်။ အခု လေယာဉ်က အဲဒီ နေရာတွေကို အမြဲလိုလိုလာပစ်နေတော့ ကာကွယ်ရေးအဖွဲ့တွေက အဲဒါကို ကူနေရတယ်။ တိုက်ခိုက်ရေးလုပ်ဖို့ လေကြောင်းကြောင့်ပေါ့။ လေယာဉ်က တောက်လျှောက်လာနေတာ။
မေး – စစ်ရှောင်တွေအတွက် ဘာတွေအဓိကလိုအပ်နေလဲ။ ရာသီဥတု အခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ – ၁၈ ရွာ တိမ်းရှောင်နေရတယ်။ တစ်သောင်းဝန်းကျင်လောက်ကသူ့ဆွေမျိုးနီးစပ်အိမ်မှာနေကြတယ်။ အဆင်မပြေတဲ့ လူတန်းစားက အတော်ကို အခက်တွေ့နေရတယ်။ ကာကွယ်ရေးအဖွဲ့တွေက ဝေခြမ်းနေရတယ်။
ကမ္မကနေ ပေါက်ကိုသွားတဲ့ ကတ္တရာလမ်းတလျှောက် ပခုက္ကူ-ကမ္မ-ပေါက် လမ်းမကြီးတကြောက ရွာတွေ ရှောင်နေရတယ်။ ထနောင်း၊ မန်ကျည်းသုံးပင်အပါအဝင် ရှောင်နေရတာ ရွာက ၁၈ ရွာရှိတယ်။
စစ်ရှောင် နှစ်သောင်းဝန်းကျင်ရှိတယ်။ တစ်သောင်းကတော့ သူတို့ဆွေမျိုးနီးစပ်အိမ်တွေမှာ ရှောင်နေကြတယ်။ တောတောင်ထဲမှာတော့ ၈ ထောင်ဝန်းကျင်လောက်တော့ရှိမယ်။
စစ်ရှောင်တွေအတွက် အဓိကလိုအပ်တာ စားနပ်ရိက္ခာပေါ့။ စစ်ရှောင်တွေနေရာကို အဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတော့ စားနပ်ရိက္ခာအတော်ခက်ခဲသွားတယ်။ မိုးထဲရေထဲ ရှောင်နေကြတယ်။ ဆန်တွေဆို မိုးစိုရင် ချက်စားလို့မရဘူး။
အခုတော့ ကာကွယ်ရေးအဖွဲ့တွေက ထောက်ပို့တွေနဲ့ချိတ်ဆက်ပြီး ဝေခြမ်းတာတွေလုပ်ရတယ်။ အဲလိုပဲ အဆင်ပြေအောင် လုပ်နေရတာပေါ့။ စားနပ်ရိက္ခာက အခက်အခဲတွေ့တယ်။ အင်အားက အရမ်းများနေတော့ လိုအပ်နေသေးတယ်။
မေး – နေအိမ်တွေ ဖောက်ထွင်း မီးရှို့ ဖျက်စီးခံရတာမျိုးတွေရော ရှိလား။ ပြည်သူတွေ ဓားစာခံအဖြစ် အဖမ်းခံရတာ သတ်ဖြတ်ခံရတာတွေရော ရှိလား။
ဖြေ – အခုချိန်ထိတော့ ရပ်ရွာတွေမှာ နေအိမ်တွေကို ဖောက်ထွင်းတာမရှိဘူး။ ဈေးကိုတော့ သူတို့ဖောက်ထွင်းတာရှိတယ်။ ရပ်ရွာတွေမှာကျတော့ အကုန်ထွက်ပြေးနေရတော့ စုံစမ်းသိရှိနိုင်ဖို့ အခက်အခဲရှိတယ်။
စစ်ကြောင်းစကတည်းက နှစ်ဦး အသတ်ခံရတယ်။ စစ်ကြောင်းစထွက် အဖမ်းခံရတာ ဘုန်းကြီးတစ်ပါး ပါတယ်။ အဲဒီဘုန်းကြီးကလည်း ရွာထဲက စစ်ရှောင်တွေကို လက်ခံထားတာ။ဘုန်းကြီး အပါအဝင် အဖမ်းခံရတာ ၁၇ ဦးဝန်းကျင်ရှိတယ်။ အဲဒီထဲမှာ အသတ်ခံရတာ ၈ ယောက်ဝန်းကျင်ရှိတယ်။
မေး – သူတို့တွေက နေအိမ်မှာရှောင်နေရင်းနဲ့ အဖမ်းခံရတာမျိုးလား။ စစ်ကြောင်းကနေ ဖမ်းသွားတာမျိုးလား။
ဖြေ – သားအဖနှစ်ဦးကတော့ အသက်မွေးဝမ်းကျောင်းအနေနဲ့ ထန်းပင်တက်နေရင်း အဖမ်းခံရတာ။ နောက်လူတွေကတော့ စစ်ကြောင်းလာတာကို အခြေအနေသိချင်လို့ သစ်ပင်ပေါ်တက်ကြည့်ရင်း အဖမ်းခံရတာ။
အဲဒါပထမဆုံး ဖမ်းခံရတဲ့ လေးဦးပေါ့။ နောက်ပြီး စစ်ရှောင်တွေ လက်ခံထားတဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးကို ဖမ်းတယ်။ သူတို့စစ်ရင်းနဲ့ဖမ်းဆီးတာတွေ လုပ်တယ်။
မေး – ယာဉ်တန်းအပါအဝင် စစ်ကြောင်းဘယ်နှစ်ကြောင်းလောက် ဝင်နေလဲ။ လက်ရှိအထိတော့ စစ်ကြောင်းတွေက ဘာတွေလုပ်နေလဲ။
ဖြေ – ပထမဆုံးစထွက်လာတဲ့ စစ်ကြောင်းက အင်အား ၈၀ ပါတဲ့ စစ်ကြောင်းပေါ့။ ယာဉ်တန်းနဲ့အတူပါဝင်လာတဲ့ စစ်ကြောင်းက ၇၀၀ ဝန်းကျင်လောက်နဲ့ အားလုံးပေါင်း ၈၀၀ ဝန်းကျင်လောက်နဲ့လာတာပေါ့။ အင်အားကတော့။
စစ်ကြောင်းက ကမ္မဘက်နဲ့ စုစုပေါင်း ငါးကြောင်းလောက်နဲ့ခွဲတိုးလာပြီးတော့ သူတို့စစ်ကြောင်းတွေက နီးနီးကပ်ကပ်ရှိတယ်။ တစ်ကြောင်းက တက္ကရာလမ်းဘက်ထိုးတယ်။ နောက်တစ်ကြောင်းက မြောက်ဘက်က ထိုးတယ်။ နောက်တစ်ကြောင်းကတော့ ယာဉ်တန်းနဲ့အတူတူ ပါလာတာပေါ့။ အရံ အဖြစ်ပါတာက နှစ်ကြောင်း အဲဒီလိုခွဲထိုးတာပေါ့။ လွန်ခဲ့တဲ့တစ်ပတ်ဝန်းကျင်က တိုက်ပွဲဖြစ်တော့ သူတို့ ၂၀ လောက်ကျတာရှိတယ်။ ပခုက္ကူကနေ နောက်ထပ် သူတို့အင်အား ၁၄၀ ဝန်းကျင် ထပ်ပို့တော့ အင်အား ၉၀၀ ကျော်ဝန်းကျင် ဖြစ်သွားတာ စစ်ကြောင်းက။
မေး – စစ်ကြောင်းကို ရှောင်တိမ်းနေရတဲ့ ပြည်သူတွေအနေနဲ့ တခြားပြည်သူတွေကို ဘာတွေ ပြောလိုတာမျိုး ရှိမလဲ။
ဖြေ – သူတို့ဆီက စကားသံက စစ်ရှောင်တွေပေါ်ထားတဲ့ ပစ်မှတ်က အရမ်းကိုဆိုးဝါးတော့ တချို့ကို လွတ်တာပြေးရင်း လေယာဉ်နဲ့ပစ်ခံရတော့ သူတို့ အမြဲစိုးရိမ်ကြီးနဲ့နေရတာပေါ့။
လေယာဉ်လာရင် ထပြေးရတာမျိုး အမြဲစိတ်မလုံခြုံမှုနဲ့ အရမ်းကို လုံခြုံမှုမရှိဘူးလို့ သူတို့ခံစားရတယ်။ အခုကစစ်ရှောင်တွေကို အဓိက ပစ်မှတ်ထားပြီးတော့ သူတို့စိတ်မှာ လုံခြုံတယ်လို့ မခံစားရဘူး။ စားဝတ်နေရေး ရုန်းကန်နေရတာတွေပေါ့။
မေး – စစ်ရှောင်အရေး ကူညီနေသူတစ်ယောက်အနေနဲ့ ပြည်သူလူထုကို ဘာပြောချင်တာ ရှိမလဲ။
ဖြေ – စစ်ရှောင်တွေကို မျက်ကွယ်ပြုမထားဘဲ တတ်နိုင်သလောက် ပါဝင်စေချင်တယ်။ သူတို့အနေနဲ့ အရမ်းကို ခက်ခဲနေတယ်။ သူတို့နောက်မှာ ရပ်တည်မပေးဘူးဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအပေါ်ကိုပဲဖြစ်ဖြစ် တော်လှန်ရေးအပေါ်ထားတဲ့ သူတို့စိတ်ဒဏ်ရာတွေ ကျရောက်သွားမှာ။ အဲဒီအတွက် တတ်နိုင်တဲ့နေရာကနေ ကူညီစေချင်တယ်။ သူတို့အရမ်းခက်ခဲနေတာ ကိုယ်တိုင်တွေ့နေရတာ။
သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ