သည်ဟေ့ဂ်၊ ဇွန် ၂၆

ဗြိတိန်က သူတို့ရဲ့ နျူကလီးယား တားဆီးနိုင်စွမ်းကို မျိုးဆက်တစ်ခုအတွင်း အကြီးမားဆုံး တိုးချဲ့မှုအဖြစ် ဗျူဟာကျတဲ့ နျူကလီးယား လက်နက်တွေ ပစ်ခတ်နိုင်တဲ့ F-35A တိုက်လေယာဉ် တစ်ဒါဇင် ဝယ်ယူသွားမယ်လို့ ပြောပါတယ်။

Lockheed Martin ကုမ္ပဏီဆီက အဲဒီတိုက်လေယာဉ်တွေကို ဝယ်ယူပြီးရင် ဗြိတိန်လေတပ်အနေနဲ့ စစ်အေးစစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ နျူကလီးယား လက်နက်တွေ သယ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

လုံးဝ မသေချာမရေရာ ဖြစ်နေတဲ့ ခေတ်ကာလတစ်ခုမှာ မိမိတို့အနေနဲ့ ငြိမ်းချမ်းမှု ကျိန်းသေ ရရှိနေမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ကြေညာချက် တစ်ရပ်မှာ ပြောထားပါတယ်။

ဗြိတိန်ရဲ့ နျူကလီးယား တားစီးနိုင်စွမ်းဟာ လက်ရှိမှာ အဆက်မပြတ် ချထားဖို့ အကန့်အသတ်ရှိနေပြီး ပင်လယ်ပြင်မှာ နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီးချထားပြီး ကင်းလှည့်လို့ရနေတာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရက ရေငုပ်သင်္ဘောတွေ အပါအဝင် စစ်တပ်ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပြီး ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားပါတယ်။

အမေရိကန်က ဥရောပရဲ့ ကာကွယ်သူအဖြစ်က နောက်ပြန်ဆုတ်နေပြီး ရုရှားရဲ့ ရန်လိုမှုတွေ ပိုများလာတာကြောင့် ဗြိတိန်က စစ်အင်အား တိုးချဲ့နေတာ ဖြစ်ပါတယ်။

သည်ဟေ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ ညီလာခံမှာ ဗြိတိန်က သူတို့ရဲ့ နျူကလီးယား တားစီးနိုင်စွမ်း တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ညီလာခံမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံ့ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

ဥရောပလုံခြုံရေးအတွက် တာဝန်တွေ ပိုယူသွားမယ့် ဗြိတိန်အတွက် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အဲဒီ လေယာဉ်တွေမှာ အသုံးပြုဖို့ အမေရိကန်က B61 ဗျူဟာမြောက် နျူကလီးယား လက်နက်တွေ ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ဗြိတိန်အရာရှိ တစ်ဦးက ပြောပါတယ်။

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူတီက ဒါဟာ မိမိတို့အဖွဲ့အတွက် ဗြိတိန်ရဲ့ နောက်ထပ်ကူညီမှု တစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တစ်စီးကို စတာလင်ပေါင် သန်း ၈၀ လောက် ပေးရမယ့် F-35A တိုက်လေယာဉ် ၁၂ စီး ဝယ်မယ်လို့ ဗြိတိန်က ပြောတာကြောင့် စတာလင်ပေါင် ၁ ဘီလီယံလောက် ပေးရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.