“ဒီရောဂါကြီးတွေဖြစ်တဲ့ ငှက်ဖျားရောဂါကျတော့ တုပ်ကွေးတွေ ဘာတွေ ဖြစ်လာရင်တောင်မှ ကျွန်တော်တို့မှာ သောက်ဖို့ဆေးမရှိဘူး။ အခု ခဲရာခဲဆစ် ငှက်ဖျားလေး တစ်ယောက်ဖြစ်ပြီး နှစ်ယောက်လောက်ဖြစ်လာပြီး ကျွန်တော်တို့က စစ်ဖို့ စစ်တံလည်းမရှိသလို သောက်ဖို့ဆေးကလည်း ကျွန်တော်တို့မှာ မရှိဘူး” – Black (ခုနစ်စဉ်ကြယ်အဖွဲ့)

ပြီးခဲ့တဲ့ မေလအတွင်း တနင်္သာရီတိုင်းမှာ တိုက်ပွဲ၊ လေကြောင်းနဲ့ ရေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၈၀၀၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ FE5Tanintharyi အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တောင်တောင်တွေထဲ ဥယျာဉ်ခြံတွေထဲမှာ စစ်ရှောင်နေရတဲ့သူတွေအတွက် စားနပ်ရိက္ခာဆေးဝါး ကြုံနေရသလို စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံ ရေလုပ်သားတွေ၊ မွေးမြူရေးသမားတွေ၊ လယ်သမားတွေနဲ့ ပန်းရံလိုမျိုး နေ့စားသမားတွေ လုပ်ငန်းခွင်မဝင်ရောက်နိုင်တော့လို့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

အခုလက်ရှိ တနင်္သာရီဒေသက ကျေးရွာအသီးသီးမှာ ရှိတဲ့ ဒေသခံတွေ၊ စစ်ဘေးရှောင်တွေဟာ တုပ်ကွေးနဲ့ ငှက်ဖျားလို ရောဂါဖြစ်ရင်တောင် သောက်စရာဆေးမရှိတဲ့ အနေအထားမျိုးနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ စားနပ်ရိက္ခာသယ်ယူခွင့်အတွက် အခက်အခဲရှိနေသလို ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ပါ တပါတည်း ရင်ဆိုင်နေရတာပါ။

အဲဒီလို ဒေသခံတွေ စစ်ရှောင်တွေရဲ့ အခက်အခဲ အကြပ်အတည်းတွေအကြောင်း စေ့စ့ငုငု သိရနိုင်ဖို့ သံလွင်တိုင်းမ်က ခုနစ်စဉ်ကြယ်အဖွဲ့မှ Black ကို မေးမြန်းကြည့်ထားပါတယ်။

မေး – အရင်ဦးဆုံးအနေနဲ့ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေဘယ်လိုရှိလဲခင်ဗျာ။

ဖြေ – တနင်္သာရီရဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် နှစ်ပိုင်းတော့ ခွဲပြောရမယ်။ ဆိုတော့ ပထမကျတော့ ဒီအရေးပေါ်ရှောင်နေရတဲ့ စစ်ဘေးရှောင်နဲ့ Emergency (အရေးပေါ်) ရှောင်ရတဲ့ စစ်ဘေးရှောင်တွေ နောက်တစ်ခုက စခန်းတွေထဲမှာ နေနေရတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်ပေါ့နော်။

ဆိုတော့ ဒီ Emergency (အရေးပေါ်) ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကျတော့ သူတို့ရဲ့ လိုအပ်ချက်က ပိုပြီးတော့ များတယ်။ ဆိုတော့ ခုနက ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်တဲ့ အခြေအနေမျိုးရှိတယ်ပေါ့နော်။ ပြီးတော့ ရွာထဲကို စစ်ကြောင်းထိုးလာတဲ့ အခြေအနေမျိုးတွေ။ တိုက်ပွဲတော့မဖြစ်ဘူး စစ်ကြောင်း ထိုးလာတဲ့ အခြေအနေ။

အဲဒီလိုအခြေအနေတွေကြောင့် ဒီကျွန်တော်တို့ ရွာသားတော်တော်များများ ထွက်ပြေးတိမ်းရှောင် အဲဒီလိုအခြေအနေမျိုးဆို သူတို့မှာ ဘာမှသယ်လို့ မခင်ဘူး။ သယ်ယူလို့ မပါဘူးပေါ့လေ။ ပစ္စည်းတွေ ဘာတွေ ဘာမှ မပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတဲ့ အခြေအနေတွေ ရှိတယ်။

တချို့ စစ်ဘေးရှောင်တွေကျတော့လည်းပဲ ဒီစစ်ရည်ဝတယ်ပေါ့နော်။ ရှောင်ရတဲ့အချိန်တွေ များလာတော့ ဝသွားတော့ သူတို့ ဒီဥယျာဉ်တွေ ခြံတွေထဲမှာပဲ တစ်ပတ်စာ နှစ်ပတ်စာတွေပစ္စည်းတွေ သိုလှောင်ထားတဲ့ဟာမျိုးတွေ ရှိတယ်။

သို့ပေမယ့်လည်း အဲဒါတွေနဲ့ တကယ့် ခဲရာခဲဆစ် ဖြစ်တဲ့အခြေအနေမှာ ရှောင်ရတာတစ်နေရာ ပြေးရတာတစ်နေရာ ကိုယ်ပစ္စည်းထားတဲ့ဟာက တစ်နေရာဖြစ်နေတယ်။ ဆိုတော့ အဲဒီလိုအခြေအနေတွေရှိတဲ့ အခါကျတော့ တော်တော်လေး ခက်ခဲကြတဲ့ အနေအထားတွေမှာ ကြုံရတယ်။

အဓိကက စားနပ်ရိက္ခာပေါ့လေ။ မိုးတွင်းကတစ်ခါဖြစ်တဲ့အခါမျိုးမှာ ကိုယ်ရှောင်လိုက်တဲ့ နေရာလုံးဝ ဘာမှကို ဦးတည့်ရာကို ပြေးတဲ့အနေအထားမျိုးဆိုရင် ကျွန်တော်တို့ ရှိတယ်ပေါ့နော်။

အခုလက်ရှိ ဒီသိန်းခွန်ဘက်က ကျေးရွာတွေမှာဆိုရင် လုံးဝ ပြန်မဝင်နိုင်သေးဘူး။ ကျွန်တော်ဒီညောင်ပင်ကွင်းဘက်မှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်ဆိုတော့ အဲဒီလိုအခြေအနေရှိတဲ့အခါကျတော့ ရွာပြန်ဝင်လို့လည်း မရဘူး။

သူတို့ဦးတည့်ရာ ပြေးတဲ့အခါမျိုးမှာဆိုရင် သူတို့ ဒီ ဓနိတောတို့ ကျွန်တော်တို့ ဒီဆီအုန်းတောတို့ အဲဒီလို ခြံတွေထဲမှာ နေကြရတဲ့အခါကျတော့ မိုးထဲမှာ မိုးကာလည်းမရှိဘူး တဲလည်းမရှိဘူး။ ကျွန်တော်တို့ ဒီတိုင်းပဲ သူတို့နီးရာတွေ အဆင်ပြေတာလေးတွေ မိုးပြီးတော့ နေထိုင်ကြတယ်။

အောက်မှာလည်းပဲ အဆင်ပြေတာလေးတွေ ခင်းပြီးတော့ နေထိုင်စားသောက်တာတွေ အိပ်တာတွေ ပြီးတော့ ချက်ပြုတ်စားသောက်ဖို့လည်း လုံးဝ အဆင်မပြေဘူး စတဲ့ဟာတွေကအစ ကြုံရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်။

တချို့ ကျန်းမာရေး အသက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက်တဲ့သူတွေဆိုရင် တော်တော်လေးကို ခက်ခဲတဲ့အထဲမှာ ပါတယ်ပေါ့နော်။ ဆိုတော့ အိမ်ပြန်လို့လည်းမရဘူး မိုးထဲရေထဲလည်းတစ်ခါဖြစ်တယ်ပေါ့နော်။

ဆိုတော့ ကလေးတွေလည်းပါတဲ့ အခြေအနေမျိုးဆိုရင် ဒီလိုရှောင်ရတဲ့ အနေအထားဆို တော်တော်ကြီးကို အခက်အခဲတွေ ပိုပြီးတော့ ကြုံရတယ်ပေါ့နော်။ စခန်းထဲက နေတဲ့သူတွေကျတော့ ဒီမိုးရာသီ လက်ရှိအခြေအနေ မိုးရာသီဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ အဓိကလိုအပ်ချက်က ဆေးဝါးတွေဖြစ်တယ်။ ဆေးဝါးတွေ။

နောက်တစ်ခုက ကျွန်တော်တို့ ဒီစားနပ်ရိက္ခာတွေ အဲဒါတွေက လိုအပ်တယ်။ ဆေးဝါးကျတော့ ဒီကျွန်တော်တို့ ဒေသမှာ ဆေးက ဒီစစ်ဘေးရှောင်တွေအတွက်ဆို သီးသန့်လုပ်ပေးတဲ့ ဆေးဆိုလို့ မရှိဘူးပေါ့နော်။

အဖွဲ့တွေကလည်း ရှားပြီဆိုတော့။ နယ်လှည့်ရဲဘော်တွေလာတဲ့အချိန်ဆို တောင်းပြီးတော့ ပြရတယ်။ တောင်းပြီး ကုရတယ်။ လုံးဝ အခြေအနေမကောင်းတဲ့ အခြေအနေမျိုးဆိုမှ ကိုယ့်ဟာကို မြို့သွားတဲ့သူကသွား မြို့မသွားဘူးဆိုရင်လည်း ကျွန်တော်တို့ ရွာထဲမှာ ရွာထဲက‌ ဆေးခန်းတွေမှာ ဆေးသောက် အဲဒီလိုအခြေအနေနဲ့ ဖြေရှင်းရတယ်။

တချို့ကလည်း ဆေးမှူးတွေကို လိုက်ပြ။ အဲဒီလိုပြပြီး လုပ်ရတဲ့အခါကျတော့ ငွေရေးကြေးရေး လုံးဝ မတတ်နိုင်တဲ့ လူတွေဆိုရင် ဆေးသောက်ဖို့လည်း ပိုက်ဆံကမရှိ အဲဒီလိုအခြေအနေတွေ ရှိတယ်ပေါ့နော်။

ဘာကြောင့်လဲဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးသီးသန့် လိုက်ကုပေးတဲ့အဖွဲ့က နည်းနည်းရှားတယ်။ မရှိဘူးပေါ့နော်။ ဆိုတော့ အဲဒီလိုအခြေအနေကျတော့ ဆေးသောက်ဖို့အတွက် သူတို့မှာ အခက်အခဲရှိတယ်။

ဟို စားဖို့သောက်ဖို့ကလည်း တစ်ဖက်ရှိနေတဲ့အခါကျ နေမကောင်း ကျန်းမကောင်း ဖြစ်တဲ့အခါကျရင် ခုနက ငွေရေးကြေးရေး အခက်အခဲကြောင့် ဆေးခန်းမပြနိုင်တဲ့ လူက ပိုပြီးတော့ ရှိတယ်ပေါ့နော်။

သူတို့အတွက် ဆေးဝါးလိုအပ်ချက်က ပိုပြီးတော့ များလာတယ်။ အဲဒီလိုတော့ ရှိတာပေါ့နော်။ ဆိုတော့ IDC တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ဆိုရင်တော့ အဲဒီလိုနှစ်ပိုင်းခွဲပြီးတော့ ကျွန်တော်တို့ ပြောရမယ်ပေါ့နော်။

မေး – မိုးတွင်းကာလလည်း ရောက်လာပြီးဆိုတော့ စစ်ဘေးရှောင်တွေ အဖြစ်များတဲ့ ရာသီရောဂါတွေ ဖြစ်ပွားတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – ဒီကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ဒီအဓိက တနင်္သာရီဘက်မှာကျတော့ မိုးများတဲ့ ဒေသလည်းဖြစ်တယ်။ နောက်ပြီး တောတောင်ထူထပ်တဲ့ ဒေသလည်းဖြစ်တဲ့အခါကျတော့ ခုနက တုပ်ကွေးတို့ ငှက်ဖျားတွေကတော့ ဖြစ်တယ်ပေါ့နော်။

ပြီးတော့ ဒီနောက်တစ်ခုက ဝမ်းရောဂါတို့ပေါ့နော်။ ဝမ်းလျှောတာတို့ ဖြစ်သလို နောက်တစ်ခုက ဒီနှာစေး၊ ချောင်းဆိုး၊ ဖျားနာစတဲ့ ရာသီပေါ်ရောဂါတွေကလည်း ဖြစ်တယ်ပေါ့နော်။ သို့ပေမယ့် ဒီရာသီပေါ်ရောဂါတွေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေကျတော့ ကျွန်တော်တို့ ကုသလို့ လွယ်သေးတယ်။ ဆေးသောက်လို့ ရတယ်ပေါ့နော်။

အဆင်ပြေတဲ့ ဆေးရှာဝယ်ပြီးတော့ ကျွန်တော်တို့ သောက်လို့ရတယ်။ ဒါပေမယ့် ခုနက ဒီရောဂါကြီးတွေဖြစ်တဲ့ ငှက်ဖျားရောဂါကျတော့ တုပ်ကွေးတွေ ဘာတွေ ဖြစ်လာရင်တောင်မှ ကျွန်တော်တို့မှာ သောက်ဖို့ဆေးမရှိဘူး။

အခု ခဲရာခဲဆစ် ငှက်ဖျားလေး တစ်ယောက်ဖြစ်ပြီး နှစ်ယောက်လောက်ဖြစ်လာပြီး ကျွန်တော်တို့က စစ်ဖို့ စစ်တံလည်းမရှိသလို သောက်ဖို့ဆေးကလည်း ကျွန်တော်တို့မှာ မရှိဘူး။ ဝယ်လို့လည်းမရဘူး။

ရွာကဆိုင်တွေမှာလည်း ဝယ်လို့မရ။ နီးစပ်ရာ ရွာကြီးတွေမှာတောင် ဒီဆေးက သွားဝယ်လို့ မရဘူး။ ဆိုတော့ အဲဒီလိုအခက်အခဲ ရှိတဲ့အခါကျတော့ ကျွန်တော်ကျန်းမာရေးနဲ့ နှီးနှောတဲ့အဖွဲ့အစည်းတွေ ကျန်းမာရေးဌာနနဲ့ နီးစပ်တဲ့အဖွဲ့တွေဆီမှာပဲ လိုက်တောင်းရတယ်။

ဆိုတော့ အဲဒီလိုအဖွဲ့တွေ သွားပြောရတဲ့ဟာတစ်ခု ဖြစ်တယ်ပေါ့။ ဆို့တော့ အဲဒီလိုကြီးက အဲဒီလို အဲဒီလိုဖြစ်လာပြီဆိုရင် ကျွန်တော်တို့မှာက တော်တော်လေး အခက်အခဲလေးတော့ ကြုံရတယ်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်လာရင်။

မေး – မိုးတွင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲနဲ့ ကြုံတွေ့နေရလဲ။

ဖြေ – ဆေးဝါးကကျတော့ ဒီငှက်ဖျားမှ မဟုတ်ပါဘူး။ တခြားလိုအပ်တဲ့ဆေးတွေလည်း ကျွန်တော်တို့ဒေသမှာ တင်သွင်းဖို့က အခက်အခဲရှိတယ်။ ဆိုလိုတာက မြိတ်ကနေပြီးတော့ ကျွန်တော်တို့ မြို့ကနေပြီးတော့ ပြန်သယ်ရတာပေါ့နော်။

မြိတ်ကနေ သယ်လို့မရဘူး။ ဖြတ်လေးဖြတ်လုပ်တဲ့အထဲမှာ ဆေးဝါးလည်းပါတယ်။ ဆေးကအစ ဖြတ်ထားတာ ကျွန်တော်တို့မှာ တဆင့်တဆင့် သယ်ဖို့အတွက် အရမ်းကြီးခက်ခဲတယ် တွေ့တာနဲ့ ဖမ်းတဲ့ အခြေအနေမျိုးရှိတယ်။

ဟိုတလောကတောင်မှ ဖမ်းခံရသေးတယ်ပေါ့ ဆိုတော့ ဒီဆေး ဆေးနဲ့မိပြီးတော့တဆင့် ဒီမြို့က ဆရာမတွေပါ တောက်လျှောက် လိုက်ပြီးတော့ ဖမ်းခံထိတဲ့ဟာတွေပါဖြစ်သွားတယ်ပေါ့လေ။ ဆိုတော့ ဆေးကတင်သွင်းလို့မရတဲ့အခါ ဒီဒေသတွေမှာ ဆေးပြတ်လပ်မှုရှိတယ်ပေါ့နော်။

ကျွန်တော်တို့ သောက်ချင်တဲ့ ဆေးတွေ ဝယ်သောက်လို့မရဘူး။ ဈေးလည်း ကြီးတယ်ပေါ့နော်။ ရှိတဲ့ဆေးတွေကလည်း အရမ်းဈေးကြီးတယ်ပေါ့နော်။ ဆိုတော့ အဲဒီလိုအခြေအနေတွေ ရှိတယ်။

ပြီးတော့ ငှက်ဖျားဆေးဆို ပိုဆိုး။ ကျွန်တော်တို့ဒေသမှာက ကျွန်တော်တို့ ရွာသုံးလေးငါးရွာ ပတ်ရှာလို့တောင်မှ ငှက်ဖျားဆေး ရှိချင်မှရှိမှာ။ နောက်ပြီးတော့ ဆရာမတွေသွားမေးလို့လည်း ငှက်ဖျားဆေးက သူတို့မှာတောင်မှ သူတို့ဟာသူတို့ တော်တော်လေးကို ခဲရာခဲဆစ် ဝယ်ရတဲ့ အနေအထားဖြစ်နေတယ်။

ထိုင်းကနေသွင်းမှ ရမယ့်အနေအထားပေါ့နော်။ ဆိုတော့ ဒီဆေးတွေက ထိုင်းကနေသွင်းဖို့ဆိုတာက ဒီဆေးတွေက ထိုင်းမှာက ဒီလိုငှက်ဖျားဆေးက ကျွန်တော်တို့ ဝယ်လို့မရဘူး။ ခုနက အဖွဲ့အစည်းတွေနဲ့ပေါ့နော်။

ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လက်လှမ်းမှီပြီးတော့ ကျွန်တော်တို့ အဲဒီလိုရမှပဲ ကျွန်တော်တို့က ဒီဒေသထဲကို ဆေးက ပြန်ရောက်တာပေါ့။

ဆိုတော့ အဲဒီလိုအခါကျတော့ ကျွန်တော်တို့မှာ ဆေးဝါးလည်း ဖြတ်တောက်ခံရတယ် ဝယ်လို့ရတဲ့ အနေအထားမရှိဘူး။ ကျေးရွာထဲမှာ ပြတ်လပ်နေတဲ့ အနေအထားပေါ့နော်။ ဆေးဝါးပတ်သက်ပြီး အဲဒီလိုဖြစ်တဲ့အခါ ကူညီတဲ့အဖွဲ့တွေလည်း မရှိဘူးပေါ့နော်။ ကူညီတဲ့အဖွဲ့တွေကလည်း ရှားတယ်ဆိုတော့။

ဟို NGO တွေရော INGO တွေရော နောက်ပြီးတော့ CSO အဖွဲ့အစည်းတွေရော ဘယ်အဖွဲ့အစည်းကမှပဲ ဆေးဝါးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဒေသတွေမှာ ကူညီနေတဲ့ဟာမျိုးတွေ မရှိဘူးပေါ့လေ။

ဆိုတော့ လုံးဝကို မရှိတာ အဲဒီလိုအခါကျတော့ ဟိုဆေးဝါးနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေမှာ အခက်အခဲရှိသလို Hot Community ဖြစ်တဲ့ အမြဲတမ်းထွက်ပြေးတိမ်းရှောင်နေရအခါ စစ်နဲ့နှီးနှောနေတဲ့ ရွာတွေမှာလည်းပဲ ဒီဆေးဝါးတွေက အခက်အခဲတွေ ရှိတယ်ပေါ့နော်။

မေး – လက်ရှိ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေက ပိုမိုဆက်ဖြစ်လာတဲ့အတွက် ရက်ရှည်စစ်ဘေးရှောင်တွေအနေနဲ့ စစ်ဘေးဒဏ်ကို ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းရလဲ။

ဖြေ – ဒေသတွေမှာ ဒီတိုက်ပွဲတွေ မပြီးနိုင်တဲ့ဟာပေါ့နော်။ တစ်ရွာပြီးတစ်ရွာ ဆက်ဖြစ်တဲ့ဟာမျိုးတွေပေါ့နော်။ ရွာမှာ ပြန်နေလို့ရအောင် လုံခြုံမှုမရှိတာပေါ့နော်။

ခဏနေ လက်နက်ကြီး လာပစ်လိုက်တယ်။ ခဏနေကျရင် ဒရုန်းနဲ့ ဗုံးလာချလိုက်တဲ့ အခြေအနေမျိုးဖြစ်တွေ ဖြစ်တဲ့အခါကျတော့ အဲဒီလိုရွာတွေကျတော့ တော်တော်များများ ရွာကို စွန့်ပြီးတော့ တခြားရွာမှာ သွားနေကြတဲ့ လူတွေနေကြတယ်။

ပြီးတော့ မြိတ်ကို ပြောင်းရွှေ့သွားတဲ့ မြို့ကို ပြောင်းရွှေ့သွားတဲ့ လူတွေရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ကိုယ်ရဲ့ဥယျာဉ်ခြံမြေတွေရှိတဲ့ တောတောင်တွေထဲမှာပဲ သွားပြီးနေကြတဲ့ လူတွေရှိတယ်ပေါ့နော်။

ဆိုတော့ အဲဒီလိုစစ်ဘေးရှောင်တွေကကျတော့ ရေရှည်ရှောင်သွားရတာပေါ့လေ ကိုယ့်ရွာကို ပြန်ဝင်ဖို့အနေအထားက မဖြစ်နိုင်တော့ဘူး။ အိမ်မက်ပဲ မက်နေရတယ်ပေါ့။ ဘယ်နေ့ပြန်ဝင်ရမလဲဆိုတဲ့ အိမ်မက်ပဲ သူတို့ မက်နေရတယ်။

ပြန်ဝင်ဖို့ဆိုတာက မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်သွားတဲ့အခါကျတော့ ကိုယ့်ရဲ့ရောက်ရာ ကိုယ်ရှောင်တဲ့နေရာပေါ့လေ။ တချို့ဒီ နီးစပ်ရာရွာရှောင်တဲ့သူတွေက ကိုယ့်ရဲ့နီးစပ်ရာ အမျိုးအိမ် ဆွေမျိုးအိမ်တွေမှာပဲ တောင်းနေ ဘုန်းကြီးကျောင်းမှာတောင်းနေ စာသင်ကျောင်းမှာကပ်နေ အဲဒီလိုနေထိုင်ကြပြီးတော့ အဲဒီရောက်တဲ့ရွာတွေမှာပဲ ဟိုရှိတဲ့အလုပ်တွေ လုပ်ကိုင်ကြတယ်ပေါ့လေ။

ဟိုနေ့စားခ လုပ်တဲ့သူကလည်းလုပ်တယ်။ နောက်တောင်ယာလုပ်ကိုင်တဲ့သူတွေကလည်း လုပ်တယ်။ ပြီးတော့ ဒီငါးဖမ်းတဲ့ဟာတွေ စတဲ့ဟာတွေမျိုးတွေပေါ့နော် ဥယျာဉ်ခြံတွေ လုပ်တဲ့သူကလုပ် အဲဒီလိုပဲ ကိုယ့်ရဲ့စားဝတ်နေရေးအတွက် ဖြေရှင်းကြရတယ်ပေါ့။

တစ်ဖက်မှာလည်း ကျွန်တော်တို့ ဒီတချို့ဒေသမှာဆိုလည်း ကလေးတွေရှိတဲ့အခါကျတော့ သားသမီးတွေက ကျောင်းထားဖို့အတွက်လည်း ခက်ခဲတယ်။ ကျောင်းထားဖို့အတွက်လည်းပဲ သူတို့မှာ ကြိုးစားရုန်းကန်ရတယ်။ စားဝတ်နေရေးအတွက်လည်း ရုန်းကန်ရတဲ့အခါကျတော့ မဖြစ်မနေအလုပ်ကို လုပ်ကြရတယ်။

ဆိုတော့ အဲဒီလိုမျိုးပဲ ဖြေရှင်းကြတဲ့ဟာပေါ့နော်။ တစ်ခါတစ်လေကျတော့ ဒီတိုက်ပွဲလေးငြိမ်သွားလို့ အခြေအနေလေးကောင်းသွားပြီဆိုရင်လည်း သူတို့ရွာပြန်ပြီးတော့ ကိုယ့်ရဲ့ ဥယျာဉ်တွေထဲမှာပဲ သွားကောက်လို့ရပြီးလား၊ ကွမ်းသီးကောက်လို့ရချိန် ကွမ်းသီးကောက် ဒူရင်းသီးသွားကောက်လို့ရချိန် ဒူရင်းသီးကောက် သစ်သီးတွေဘာတွေ သွားကောက်ပြီးတော့ပြန်လာ၊ အဲဒါတွေ ရောင်းချပြီးတော့ပဲ ပြန်ပြီးတော့ ရှောင်နေကြတယ်။

ရွာပြန်နေကြလားဆိုတော့ ရွာလည်းပြန်မနေရဲကြဘူးလေနော်။ ရွာပြန်မနေရဲဘဲ အဲဒီလိုပဲ ကိုယ်ရောက်ရာ နေရာတွေမှာ ဝမ်းစာရေးအတွက် ဘဝသစ်ကို အစကနေ ပြန်စပြီးတော့ ကြိုးစားရုန်းကန်နေကြရတဲ့ လူတွေက ပိုများတယ်ပေါ့လေ။

မေး – တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ် ပိုမိုပြုလုပ်လာတာနဲ့ ပတ်သက်ပြီး ဆရာတို့စစ်ဘေးရှောင်အဖွဲ့တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိနေလဲ။

ဖြေ – တနင်္သာရီ ကျွန်တော်တို့ဘက်ကို ဖြတ်လေးဖြတ်လုပ်တာ တော်တော်ကြာပြီးလို့ ပြောလို့ရတယ်။ နှစ်အလိုက် နှစ်နဲ့ချီပြီးလို့ ပြောလို့ရမယ်။ အခုဆိုရင် တော်လှန်ရေးစကတည်းက သုံးနှစ်ကျော် လေးနှစ်နီးပါးဖြစ်သွားပြီပေါ့။

ဆိုတော့ တစ်နှစ်နဲ့တစ်နှစ်က မတူဘူး။ ဖြတ်ပုံဖြတ်နည်းက ပထမ စဖြတ်တုန်းကဆိုရင်တော့ ပစ္စည်းတွေ အကန့်အသတ်နဲ့ပဲ ပေးတင်တာပေါ့။ ဆိုတော့ အကန့်အသတ်နဲ့တင်တယ်။ ပစ္စည်းတိုင်း တင်လို့ရသေးတဲ့ အနေအထား။

ဆန်တွေဆိုလည်းပဲ တင်လို့ရတယ်။ အရေအတွက်လေးတွေပဲ ကန့်သတ်တယ်။ နောက်နည်းနည်းကြာလာတော့ ၂၀၂၃ လောက်ကျတော့ ပိုဆိုးလာတယ်။ ဆန်တွေဆိုရင် ဘယ်ရွာ ဘယ်ရွာကို တင်လို့မရတော့တဲ့ အနေအထားတွေဖြစ်သွားတယ်။

ဆိုတော့ အရင် ၁၀ အိတ်လောက်တင်လို့ရတဲ့ အနေအထားမှာ ၅ အိတ်လောက်ပဲ တင်လို့ရတဲ့ အနေအထားဖြစ်သွားတယ်။ ဆိုတော့ အဲဒီလို အဲဒီလိုမျိုးကန့်သတ်လာတယ်၊ ပိုဆိုးလာတယ်။ အဲဒီလို ဖြတ်တောက်တာပေါ့။

နောက်ပြီးကျတော့ အခုဆိုရင် ကျွန်တော်တို့က တင်လို့ရတဲ့လမ်းတွေပါ ကျွန်တော်တို့က ဘူဒိုဇာနဲ့ ထိုးဖြတ်လိုက်တယ်ပေါ့။ ဘက်ဟိုးတွေနဲ့ ထိုးကုတ်ပြီးတော့ ဖျက်ဆီးလိုက်တဲ့အနေအထား။ အဲဒီလိုလေးတွေ ပြောင်းလဲလာတယ်။

နောက်ပြီးတော့ အခုဆိုရင် လုံးဝ တင်ခွင့်မပေးတော့တာ။ တစ်အိတ်တလေတောင် တင်လို့မရတဲ့ အနေအထားဖြစ်သွားတယ်။ တစ်အိတ်တလေတောင် ပေးမတင်တော့ဘူး။ ဆန်ဆို တစ်အိတ်မှ ပေးမတင်ဘူး၊ ဆီဆိုတောင်မှ ကျွန်တော်တို့ တချို့ဆို ကိုယ့်မိသားစုအတွက်သုံးဖို့ သွားဝယ်တယ်ပေါ့လေ။

သွားဝယ်တယ် တချို့ဆိုလည်းပဲ ဪ ဘေးအိမ်က မှာလိုက်လို့ဆိုပြီး တစ်ဘူးလေး ပိုဝယ်ဆို ဝယ်လာတဲ့အခါကျရင် အဲဒါ ပိုတာတစ်ဘူး တစ်ဘူးလေး သူတို့သတ်မှတ်ထားတဲ့ဟာရှိတယ်ပေါ့။

မိသားတစ်စုမှာ ဆန်ဘယ်နှစ်ပြည်လဲ ဆီဆိုဘယ်လောက်လဲဆိုတာ။ အဲဒီလိုအတွက် တစ်ဘူးလေးပိုသွားတာဆိုရင် တစ်ဘူးလေးပိုသွားတဲ့ဟာကို သောက်ခိုင်းလိုက်လို့ သေသွားတဲ့လူရှိတယ်ပေါ့နော်။

ကျွန်တော်တို့ ဒီဖြစ်စဉ်တွေက အဲဒီလိုတွေ ဖြတ်တဲ့ဟာ ဆိုတော့ အဲဒီလိုဖြတ်ထားတဲ့ အခါကျတော့ ဒေသတွင်းမှာ ဆန်ပြတ်လပ်မှုတွေရှိတယ်။ ရိက္ခာပြတ်လပ်မှုတွေရှိတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ရှိလာတယ်။

ဆိုတော့ ကျွန်တော်တို့ဘက်မှာ ဒီလိုဖြစ်လာတဲ့အခါကျ ဘာတွေခက်ခဲလာလဲဆိုတော့ ကုန်ဈေးနှုန်းတွေ ထိုးတက်တယ်ပေါ့။ ကျွန်တော်တို့ နီးစပ်ရာ တောတောင်တွေဖြတ်ပြီး သယ်ရတယ်။ အဆင့်ဆင့် သယ်ရတယ်ပေါ့လေ။

ကျွန်တော်တို့ပုံမှန် တစ်ခေါက်ထဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လေးငါးခြောက်ခေါက်လောက်တိုက်ပြီး သယ်ရတဲ့ အနေအထားတွေဖြစ်လာတော့ ကုန်ဈေးနှုန်းတွေ အရမ်းထိုးတက်လာတယ်။

ဆိုတော့ အဲဒီကုန်ဈေးနှုန်းထိုးတက်လာတဲ့ဟာကို ကျွန်တော်တို့ပဲ ခံစားရတာ မဟုတ်ဘဲနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ခံစားရတယ်။

ဆန်ဈေးတွေ ထိုးတက်လာတာကြောင့် ကျွန်တော်တို့ကကျတော့ ဒီစစ်ဘေးရှောင်တွေအနေနဲ့ ဝေမယ်ပေါ့လေ။ လူဦးရေကောက်ပြီးတော့။ ဆန် ၁၀ အိတ်ဝေရင် အရင် ၁၀ အိတ်ကို ကျွန်တော်တို့က ပိုက်ဆံတွေစိုက်ပြီး ၁၀ သိန်းလောက်နဲ့ ကောင်းကောင်းလေးကို လောက်တဲ့ အနေအထားပေါ့။

အခုဆိုရင် မလောက်တော့ဘူး ကျွန်တော်တို့က ၁၅ သိန်း သိန်း ၂၀ လောက်မှ ကျွန်တော်တို့က ဝေလို့ လောက်တော့မယ့် အနေအထားတွေ ဖြစ်လာတယ်။ အဲဒီလိုအခါကျတော့ ကျွန်တော်တို့က ဘဏ္ဍာရေးကလည်း ပိုရှာရတဲ့ အနေအထားတွေ ကြုံရတယ်ပေါ့လေ။
တစ်ခါတလေကျရင် ပိုက်ဆံ ၁၀ သိန်းပဲ ရှိတယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို ဝေလို့ မလောက်တော့ဘူးလေနော်။ ဝေလို့မလောက်လို့ ကျွန်တော်တို့ အရင် ဆန် ၁၀ အိတ် ရမယ့်နေရာမှာ ကျွန်တော်က လေးငါးအိတ်၊ ငါးအိတ် ခြောက်အိတ်လောက်ပဲ ရမယ့်အခါကျ‌တော့ စစ်ဘေးရှောင်တွေ အရေအတွက်က ပိုပြီးနည်းသွားတယ်ပေါ့။

ဆိုတော့ တစ်ရာလောက်ရမယ့် အနေအထားမှာ သုံးလေးဆယ်ပဲ ရတဲ့ အနေအထားမျိုးတွေ ဖြစ်သွားတယ်။ ဆိုတော့ အဲဒီလိုအခက်အခဲတွေတော့ ကျွန်တော်တို့က ကြုံရတယ်ပေါ့လေ။

သံလွင်တိုင်းမ်

ဓာတ်ပုံ – နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.