နေပြည်တော် ၊ ဇွန် ၂၇

နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီ ဥက္ကဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနဲ့ ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းမှုကနေ အေးချမ်းတဲ့ နိုင်ငံတော်သစ်ဆီသို့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ သုံးသပ်ဆွေးနွေးပွဲ ဇွန် ၂၅ ရက်နေ့ ဖွင့်ပွဲမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးတဲ့ လိုအပ် ချက်ဖြစ်တာကြောင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းကို အဓိကကိုင်စွဲပြီး လျှောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးက မိမိတို့ရဲ့ လိုလားချက်တွေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးကို အားပေးဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အချိန်အထိ စစ်ကောင်စီရင်ဆိုင်နေရတဲ့ အကျပ်အတည်းပေါင်းစုံတွေကနေ ရုန်းထွက်နိုင်ဖို့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေမှာ သတ်မှတ်စံနှုန်းတွေ လျှော့ချခြင်းမရှိတာ တွေ့ရပါတယ်။

လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ကြဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အကြိမ်ကြိမ် ကမ်းလှမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကမ်းလှမ်းမှုတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေလို့ သုံးနှုန်းခဲ့တာပါ။

ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတဲ့အခါ တစ်ဦးနဲ့ တစ်ဦး သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုနေကြတာဟာ မှားယွင်းတဲ့လမ်းစဉ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီကို ဖွဲ့စည်းနိုင်ဖို့ မဲမသမာမှုအကြောင်းပြပြီး နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ တစ်ကျော့ပြန် သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းခဲ့မှုကိုတော့ မျက်ကွယ်ပြုရာရောက်နေပါတယ်။

ဒါပေမယ့်လည်း စစ်ခေါင်းဆောင်ကတော့ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆို လမ်းဖွင့်ထားတယ်လို့ ငြိမ်းချမ်းရေးဖိုရမ်ကနေ အသိပေးထားတာပါ။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှု မရှိဖို့လိုသလို ပြည်တွင်းက အဖျက်အမှောင့် ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်း လိုတယ်လို့ ပြောသွားခဲ့တာပါ။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း ကမ္ဘာ့နိုင်ငံတွေနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်ပေမယ့် ဩဇာခံဖြစ်မသွားဖို့ အထူးသတိပြုရမယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်ဟာ တရုတ်အစိုးရကနေ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်မှုကြောင့် စစ်ကောင်စီ လက်လွှတ်ထားရတဲ့ လားရှိုးမြို့ကို ပြန်လည်ရရှိခဲ့မှုနဲ့ တအာင်းတပ် TNLA သိမ်းယူထားတဲ့ မြို့တွေကို ပြန်လည်အရယူဖို့ ကြိုးပမ်းနေမှုနဲ့ သွေဖယ်နေပါတယ်။

ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီရဲ့ မိတ်ဘက်နိုင်ငံတွေထဲက တရုတ်၊အိန္ဒိယ၊ရုရှားနဲ့ ထိုင်းအပါအဝင် စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီတွေနဲ့ အခြားသော အဖွဲ့အစည်းတွေလည်း တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲကနေ အဓိကလိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းအဖြေရှာ၊ သုံးသပ်အကြံပြုချက်တွေ ပြုလုပ်သွားမှာဖြစ်လို့ ဖိုရမ်ကနေ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ စစ်ခေါင်းဆောင်က ယုံကြည်ထားတာပါ။

စစ်ကောင်စီရဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ အခြားလက်နက်ကိုင်အင်အားစုတွေကတော့ စစ်အာဏာရှင်စနစ်ကို ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.